
AB News – နိုဝင်ဘာ ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း စပါး ဝယ်ယူရောင်းချကြရာတွင် စပါးတစ်တောင်းလျှင် ၉ ကီလိုဂရမ် (သို့မဟုတ်) နို့ဆီဘူး ၅၅ ဘူး အရေအတွက်သာ ဝင်ဆံ့သော တောင်းများဖြင့်သာ တစ်ပြေးညီ ဝယ်ယူရောင်းချကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ တရားဝင် အသိပေး ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်အရ စပါး ဝယ်ယူရောင်းချရာတွင် ကီလိုချိန်စက် ရှိသည့်ဒေသများ၌ စပါးတစ်တောင်းလျှင် ၉ ကီလိုဂရမ်ဖြင့် ဝယ်ယူရောင်းချရမည်ဖြစ်ပြီး ကီလိုချိန်စက် မရှိသည့် ဒေသများတွင် တစ်တောင်းလျှင် နို့ဆီဘူး ၅၅ ဘူးသာ ဝင်ဆံ့သော တောင်းများဖြင့် ဝယ်ယူရောင်းချရမည် ဖြစ်သည်။
ရက္ခိုင်ပြည်အတွင်း ယခင်က စပါးဝယ်ယူ ရောင်းချရာတွင် စပါးအမျိုးအစားနှင့် ဒေသအလိုက် တောင်းစံနှုန်းများ အမျိုးမျိုး ကွဲပြားနေပြီး ဈေးအမျိုးမျိုးဖြင့် ဝယ်ယူရောင်းချနေကြသဖြင့် ကုန်သွယ်ရာတွင် အခေါ်အဝေါ် မတူညီခြင်းနှင့် စပါးဈေးနှုန်း အပြောင်းအလဲ မြန်ဆန်ခြင်း စသည့် အခက်အခဲများကို လယ်သမားများနှင့် ကုန်သည်များ ကြုံတွေ့ခဲ့ကြရသည်။
ယခုကဲ့သို့ စပါး ရောင်းဝယ်ရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန်၊ စံနှုန်းတစ်ခု သတ်မှတ်နိုင်ရန်နှင့် လယ်သမားများအတွက် ရသင့်ရထိုက်သော အကျိုးအမြတ်များကို ရရှိစေရန် ရည်ရွယ်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ စပါးစံနှုန်း တောင်းအတိုင်းအတာကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ဒေသခံ လယ်သမား အမျိုးသမီးတစ်ဦးက “အစိုးရက ဒီလို သတ်မှတ်လိုက်တာကို ဝမ်းလည်းသာပါတယ်၊ ကောင်းလည်း ကောင်းပါတယ်။ လယ်သမားတွေ လည်း ခံစားရမယ့် အကျိုးအမြတ်တွေကို ခံစားရတာပေါ့” ဟု AB News သို့ ပြောဆိုသည်။
ထို့ပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်ရှိ ဌာနဆိုင်ရာများ၊ ကော်မတီများနှင့် ကော်မရှင်များအနေဖြင့် ယင်းထုတ်ပြန်ချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် ရက္ခိုင်ပြည်သူများ အနေဖြင့်လည်း ထုတ်ပြန်ချက်အတိုင်း တစ်ပြေးညီ လိုက်နာကြရန် နှိုးဆော်ထားကြောင်း သိရသည်။