သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် စစ်ရှောင်စခန်းများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်များ စားဝတ်နေရေးနှင့် ကျန်းမာရေး အကျပ်အတည်း ပိုမိုဆိုးရွားလာ

AB News – အောက်တိုဘာ ၂၆၊ ၂၀၂၆

ရက္ခိုင်တွင် ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ် အစပ်တိုက်ပွဲများတွင် စစ်မြေပြင် အထိနာနေသည့် စစ်ကော်မရှင်တပ်သည် အရပ်သား ပြည်သူများ ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှ ပြည်သူများမှာ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် နေ့စဉ် လူမှုဘဝ လုံခြုံရေးအတွက် အခက်အခဲများနှင့် ပြင်းထန်စွာ ရင်ဆိုင်နေကြရကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဈေးများကို နေ့စဉ်မပြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ နေရပ်စွန့်ခွာလာရသည့် စစ်ဘေးရှောင်များမှာ လုံခြုံသည့်နေရာ မရှိတော့ဘဲ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“ကျမတို့က ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ စစ်ရှောင်နေတာပါ။ ကျမတို့ရွာကလည်း စစ်ကော်မရှင်တပ်က မီးရှို့လိုက်လို့ အိမ်လည်း မရှိတော့ပါဘူး။ စစ်ရှောင်ဆိုတော့ လုပ်ကိုင်စားသောက်ရမယ့် နေရာတွေလည်း ရှားပါတယ်။ စစ်ရှောင်စခန်းမှာနေတုန်းကတော့ ထင်းရှာရောင်းပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတာပါ” ဟု ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှ ဒေါ်မတင်ယဉ်က AB News သို့ ပြောသည်။

ယခင်က စစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေး အဆင်မပြေမှုများ ရှိသော်လည်း လူမှုကူညီရေးအဖွဲ့များနှင့် ပရဟိတအသင်းများ၏ ထောက်ပံ့မှုဖြင့် ရုန်းကန်နိုင်ခဲ့သော်လည်း စစ်ကော်မရှင်တပ်က စခန်းအား လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့ပြီးနောက်ပိုင်း ထပ်မံရွှေ့ပြောင်းရသဖြင့် စားဝတ်နေရေးနှင့် ကျန်းမာရေး ပြဿနာများ ပိုမိုကြီးထွားလာရခြင်း ဖြစ်သည်။

အခြား စစ်ဘေးရှောင် အမျိုးသားတစ်ဦးကလည်း “စစ်ရှောင်စခန်းမှာ နေတုန်းကတော့ ပရဟိတအသင်းတွေ ကူညီထောက်ပံ့တာရှိတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေနေပါတယ်။ အခု ရောက်နေတဲ့နေရာက လုံခြုံမှုရှိတယ်လို့ ပြောလို့ရပေမဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အင်မတန် အခက်အခဲ ဖြစ်နေပါတယ်။ မိသားစုဝင်လည်း များတော့ ပိုပြီး စိုးရိမ်ပူပန်နေရပါတယ်” ဟု ပြောဆိုသည်။

စစ်ကော်မရှင်တပ်၏ အရပ်သားပြည်သူများနေထိုင်သည့်နေရာနှင့် စစ်ဘေးရှောင်စခန်းများအပေါ် ရက်ရက်စက်စက် လေကြောင်း တိုက်ခိုက်မှုများကြောင့် ရက္ခိုင်ပြည်အတွင်း စစ်ဘေးရှောင် ပြည်သူ ဦးရေ ထပ်မံ တိုးပွားလာနေပြီး ရေရှည် စားနပ်ရိက္ခာနှင့် အရေးပေါ် ဆေးဝါး ကူညီထောက်ပံ့မှုများ အမြန်ဆုံး လိုအပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ