
AB News – စက်တင်ဘာ ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွင် အသက် ၂ နှစ်နှင့် ၈ လအရွယ် ကလေးငယ်တစ်ဦးသည် ယမန်နေ့ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ရေနစ်မြုပ်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသွားသည့် ကလေးငယ်မှာ အဖဦးဇော်လင်းသိန်းနှင့် မိခင် ဒေါ်သန်းဦးကြည်တို့၏ သားဖြစ်သူ အသက် ၂ နှစ်နှင့် ၈ လအရွယ် မောင်ဦးမြတ်လင်း ဖြစ်သည်။
၎င်းသည် ယမန်နေ့ (စက်တင်ဘာ ၂၃ ရက်) ညနေ ၃ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် ရထားလမ်းဘေးရှိ ရေမြောင်းအတွင်း၌ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
သေဆုံးသူ ကလေးငယ်၏ မိသားစုမှာ ဝေသာလီရွာလမ်းမကြီးဘေး၌ အုန်းရည်ဆိုင် ရောင်းချရင်း နေထိုင်ကြသူများဖြစ်ပြီး ဖြစ်ပွားသည့်နေ့တွင် ကလေးငယ်မှာ ခွေးနှင့် ကစားနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကလေးငယ်မှာ ရထားလမ်းဘေးရှိ ရေမြောင်းအထိ သွားရောက်ကစားနိုင်သည့် အရွယ်မဟုတ်သဖြင့် ယခုကဲ့သို့ ရေမြောင်းအတွင်း သေဆုံးနေသည်မှာ စဉ်းစားရ ခက်ခဲနေကြောင်းလည်း ဝေသာလီရွာ ဒေသခံတစ်ဦးက AB News သို့ပြောဆိုသည်။
“အဲဒီကလေးက ၂ နှစ်ကျော်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး ရထားလမ်းဘေးက ရေမြောင်းအထိ သွားပြီး ကစားရတာလဲဆိုတာ စဉ်းစားလို့ကို မရတာ ” ဟု ဆိုသည်။
ရေနစ်သေဆုံးခဲ့သည့် မောင်ဦးမြတ်လင်း၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ပုံ – ပေးပို့