သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် အသက်မပြည့်သည့် မိန်းကလေး ၄ ဦးအား မုဒိမ်းမှုကျူးလွန်ရန် ကြံစည်သူကျောင်းဆရာတစ်ဦးကို DLEPS ဖမ်းဆီး

AB News – မတ် ၂၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ် ၄ ဦးအား မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှုဖြင့် (ဘက) ကျောင်းဆရာတစ်ဦးကို မတ်လ ၁၁ ရက်နေ့တွင် DLEPS ဌာနမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း အာရက္ခမှုခင်းနန့် ဆက်စပ်သတင်း ထုတ်ပြန်ရေးအဖွဲ့က ယနေ့ မတ်လ ၂၂ရက် တွင် ထုတ်ပြန်ထားသည်။

ကျူးလွန်ရန်ကြံစည်သူမှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်၊ တေဇရာမ (ဘက) ကျောင်းမှ ကျောင်းဆရာ ဦးမောင်ငယ် (ခ) မောင်တင်နု (၅၆) နှစ် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဦးမောင်ငယ်သည် တေဇာရာမ (ဘက)ကျောင်း၌ ပညာ သင်ယူနေသည့် အသက် (၈) နှစ်အရွယ် KG တန်း ကျောင်းသူတစ်ဦး၏ အင်္ဂါစပ်အား ၎င်း၏ လက်ဖြင့်ထိုးသွင်းကာ မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု ပြုကျင့်ခံရသူ မိန်းကလေးငယ်က သူမ၏ မိခင်ဖြစ်သူအား ပြန်လည်ပြောပြခဲ့ကြောင်း ဆိုသည်။

ဦးမောင်ငယ်သည် ၂၀၂၅ ခုနှစ်ကလည်း အသက် (၆)နှစ်၊ (၇)နှစ်၊ (၈)နှစ် အရွယ် ရှိသော KG ကျောင်းသူ မိန်းကလေးငယ် ၃ ဦးတို့ကိုလည်း အလားတူ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ထပ်မံ ပေါ် ပေါက်သဖြင့် အဆိုပါ မိန်းကလေးများ ၏ မိဖများမှ ၂၀၂၆ ခုနှစ်၊ မတ်လ (၆)ရက်နေ့တွင် DLEPS ဌာန၌ အမှုဖွင့် တိုင်တန်းခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် DLEPS ဌာနသည် ကနဦး စုံစမ်းမှုများပြုလုပ်ကာ အမှုအမှတ် (ပ) ၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ပြီး ဦးမောင်ငယ် (ခ) မောင်တင်နုကို မတ်လ (၁၁) ရက်နေ့တွင် ဖမ်းဆီးပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလားတူ လွန်ခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင်လည်း မောင်တောမြို့နယ်၊ အောင်သုခရွာ၌ အသက်(၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား အသက်(၁၆)နှစ်အရွယ် လူငယ်တစ်ဦးမှ မုဒိမ်းကျင့်သတ်ဖြတ်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူကို DLEPS မှ စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအား မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်ရန် ကြိုးစားမှုများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှုသည် ကြီးလေးသော ပြစ်ဒဏ်ကို ကျခံရနိုင်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် အထိ အများဆုံး ကျခံရနိုင်ကြောင်းနှင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ “မည်သူမဆို အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ် တစ်သက်ဖြစ်စီ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စီ ချမှတ်ရမည်” ဟုလည်း ဒီလပ်ဌာနမှ ထုတ်ပြန်ထားသည်။

Photo – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ