သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြို့နယ် ၅၈ ခုတွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်တိုး

AB News – ဇူလိုင် ၂၁၊ ၂၀၂၆

စစ်ကော်မရှင်သည် ၎င်း၏ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့် တိုင်းနှင့်ပြည်နယ် (၈) ခုရှိ မြို့နယ်ပေါင်း (၅၈) မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကာ စစ်အုပ်ချုပ်ရေး (Martial Law) ကို နောက်ထပ် ရက် (၉၀) သက်တမ်း တိုးမြှင့်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် မြို့နယ်ပေါင်း (၆၀) မြို့နယ်၌ ရက် (၉၀) ကြာ အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းခဲ့ပြီး ယင်းသတ်မှတ်ကာလမှာ ဇူလိုင်လ ၂၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် စစ်အုပ်ချုပ်ရေး သက်တမ်းကို ထပ်မံ တိုးမြှင့်သတ်မှတ်နိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ဇူလိုင်လ ၁၄ ရက်နေ့တွင် လွှတ်တော်၌ အဆိုတင်သွင်းခဲ့ပြီး၊ လွှတ်တော်ကိုယ်စားလှယ် (၅) ဦး၏ ထောက်ခံဆွေးနွေးမှုများအပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က စစ်အုပ်ချုပ်ရေးကို မြို့နယ် (၆၀) တွင် ပြဋ္ဌာန်းထားခဲ့သော်လည်း လက်ရှိတွင် စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟုဆိုသည့် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို စာရင်းမှ ဖယ်ရှားခဲ့ပြီး ကျန်ရှိသည့် မြို့နယ် (၅၈) မြို့နယ်ကိုသာ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခု ထပ်မံသတ်မှတ်လိုက်သည့် စစ်အုပ်ချုပ်ရေးတွင် ကချင်ပြည်နယ်မှ (၅) မြို့နယ်၊ ကယား (ကရင်နီ) ပြည်နယ်မှ (၃) မြို့နယ်၊ ကရင်ပြည်နယ်မှ (၂) မြို့နယ်၊ ချင်းပြည်နယ်မှ (၅) မြို့နယ်၊ ရှမ်းပြည်နယ်မှ (၁၅) မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၈) မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ (၅) မြို့နယ်နှင့် ရက္ခိုင်မှ (၁၅) မြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။

ရက္ခိုင်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့အပြင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်ကိုလည်း အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ