သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဘင်္ဂလား​ဒေ့ရှ် အခြေစိုက် အ​​ကြမ်းဖက် ARSA အဖွဲ့က အမျိုးသား ၅ ဦးအား ပစ်ခတ်၊ ၁ ဦးကို ပြန်ပေးဆွဲ

AB News – ဇူလိုင် ၂၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဘင်္ဂလား​ဒေ့ရှ် အခြေစိုက် အကြမ်းဖက် စစ်သွေးကြွ ARSA အဖွဲ့က အမျိုးသား ၅ ဦးအား သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲသွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ ဦးထွန်းမောင်အပါအဝင် အမျိုးသား ၅ ဦးသည် ဘောဒူလာဈေးသို့ ကုန်ပစ္စည်းများ ပို့ဆောင်ရန် သွားရောက်နေစဉ် ဘင်္ဂလားဒေ့ရှ်အခြေစိုက် ARSA အဖွဲ့ဝင် ၃ ဦးက လမ်းတစ်လျှောက်တွင် ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း အသက် ၄၁ နှစ်အရွယ် ဦးထွန်းမောင်သည် ခန္ဓာကိုယ်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ လဲကျသွားကာ ARSA အဖွဲ့၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အတူလိုက်ပါလာသူ အသက် ၅၄ နှစ်အရွယ် ဦးသာနိုးအောင်၊ အသက် ၅၀ နှစ်အရွယ် ဦးဘခယာ၊ အသက် ၂၀ နှစ်အရွယ် ကိုဂျွန်ဂိုနှင့် အသက် ၁၈ နှစ်အရွယ် ကိုရိုဘီအောင်တို့မှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ဦးထွန်းမောင်အား ပြန်လည် လွတ်မြောက်စေရန်အတွက် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅၀ ပေးဆောင်ရန် ARSA အဖွဲ့က ၎င်း၏ မိသားစုထံ ဖုန်းဖြင့် ဆက်သွယ်တောင်းဆိုထားကြောင်း သိရသည်။

မောင်တောဒေသခံတစ်ဦးက “အခုလို လမ်းမှာ သွားလာနေသူတွေကို အကြမ်းဖက် ARSA အဖွဲ့တွေက ပစ်ခတ်ပြီး ဖမ်းဆီးသွားတာတွေ ဖြစ်လာတော့ ဒေသခံတွေအနေနဲ့ နေ့စဉ်သွားလာရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးနိုင်မယ့် လုံခြုံရေးအခြေအနေ ပိုမိုကောင်းမွန်လာဖို့ လိုအပ်နေပါတယ်” ဟု ပြောသည်။

ဒေသခံများ၏ အဆိုအရ မောင်တောခရိုင်နှင့် အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ARSA၊ RSO၊ RIM နှင့် ARA တို့၏ လှုပ်ရှားမှုများ ဆက်လက်ရှိနေပြီး ပြန်ပေးဆွဲမှု၊ ငွေညှစ်တောင်းခံမှု၊ လက်နက်ကိုင် ခြိမ်းခြောက်မှုများနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ထိခိုက်စေသည့် ဖြစ်စဉ်များကြောင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့သော လုံခြုံရေးခြိမ်းခြောက်မှုများကို တားဆီးနိုင်ရေးအတွက် အာရက္ခတပ်တော် (AA) က အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ထိန်းချုပ်ခြင်း၊ လိုက်လံရှင်းလင်းခြင်းနှင့် နယ်စပ်လုံခြုံရေး အားကောင်းစေရန် စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ