AB News – ဇူလိုင် ၂၂၊ ၂၀၂၆
ကရင်ပြည်နယ်၊ သထုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အထိနာသွားသည့် စစ်ကော်မရှင်တပ်က အရပ်သား နေအိမ်များနှင့် ကုန်တင်ယာဉ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ (ဇူလိုင် ၂၂ ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ လွန်ခဲ့သည့် ဇူလိုင် ၅ ရက်နေ့တွင် စစ်ကော်မရှင်၏ တပ်မ (၄၄) လက်အောက်ခံ ခလရ (၈)၊ အမှတ် (၃၁၄) အမြောက်တပ်ရင်းနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် သထုံမြို့နယ်၊ ဒေါရပ်ကျေးရွာအုပ်စု တက်တူကုန်းကျေးရွာနှင့် ကဒီပုကျေးရွာအုပ်စု ကြက်ခြေခတ်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိတွေ့တိုက်ပွဲများသည် ဇူလိုင် ၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် တက်တူကုန်းကျေးရွာနှင့် ကြက်ခြေခတ်ကျေးရွာအကြား ပထမအကြိမ်၊ ဇူလိုင် ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဒုတိယအကြိမ် နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲများအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့သော်လည်း စစ်ကော်မရှင်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကော်မရှင်တပ်သည် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် အရပ်သားမော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူခဲ့သည့်အပြင် ကုန်တင်ယာဉ် ၂ စီးနှင့် ကုန်ပစ္စည်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့ပြင် တက်တူကုန်းကျေးရွာနှင့် ကြက်ခြေခတ်ကျေးရွာအကြားရှိ စေတီတော်မုခ်ဦးအနီးမှ ဒေသခံအရပ်သားနေအိမ်များကို ဖောက်ထွင်းကာ အိမ်အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သွားခဲ့ပြီးနောက် အေးမိစံ၊ နန္ဒာမြင့်၊ မဲရိုးလေး၊ စောဖားသူးဒိ၊ အောင်ကိုကိုမြင့်နှင့် စောပလော်ဖောတို့၏ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် တက်တူကုန်းကျေးရွာနေ မနန်းမိုးမိုး၏ ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများကိုလည်း လုယူသွားခဲ့သည်။
ယင်းအပြင် စစ်ကော်မရှင်တပ်သည် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်းတစ်ဦးနှင့် တက်တူကုန်းကျေးရွာနေ ကိုခွန်ထက်ဦးတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ညှဉ်းပန်းခဲ့ပြီး သတင်းထုတ်ပြန်ချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
လက်ရှိတွင် စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုး လှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ဆုံးရှုံးနေရပြီး နယ်မြေအတွင်း လုံခြုံရေးအခြေအနေမှာလည်း ဆက်လက် စိုးရိမ်စရာ ဖြစ်ပေါ်နေကြောင်း သိရသည်။






