သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော နှင့် ဘူးသီးတောင်တွင် ဟိန္ဒူဘာသာဝင်များ၏ သျှရီ သျှရီ စန္ဒီမယ်တော် ဒူရ်ဂါပူဂျာပွဲတော် ကျင်းပ

AB News – အောက်တိုဘာ ၂၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ပိုင်းရှိ မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် ဟိန္ဒူဘာသာဝင်များ၏ သျှရီ သျှရီ စန္ဒီမယ်တော် ဒူရ်ဂါပူဂျာပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

စန္ဒီမယ်တော်ပွဲတော်သည် ဟိန္ဒူဘာသာဝင်များအတွက် အရေးပါသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် အောက်တိုဘာလအတွင်း အနည်းဆုံး ၆ ရက်ကြာ ကျင်းပလေ့ရှိကြောင်း ဟိန္ဒူဘာသာဝင်ဒေသခံများက ပြောသည်။

” ဒီပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ခဲ့ပါတယ်။ လူမျိုးမတူ၊ ဘာသာမတူတာတွေကြားမှာ ကိုယ်ကိုးကွယ်ရာ ဘာသာရေးပွဲတော်ကို လွတ်လပ်စွာ ကျင်းပခွင့်ရတာ အရမ်းပျော်မိတယ်။ အရင်နှစ်တွေကဆိုရင် ဒီလိုစည်စည်ကားကား မကျင်းပနိုင်ခဲ့ဘူး။ အခု ဟိန္ဒူလူငယ်၊ လူကြီးမကျန် ပွဲတော်ကို တက်ရောက်ကြတာ တွေ့ရတယ်” ဟု ဟိန္ဒူဘာသာဝင် ဒေသခံတစ်ဦးက ပြောသည်။

ပွဲတော်ကာလအတွင်း ဟိန္ဒူဘာသာဝင်များသည် စန္ဒီမယ်တော်အား နံ့သာ၊ ဆီမီး၊ ပန်းမျိုးစုံနှင့် သစ်သီးဝလံများဖြင့် ပူဇော်ဆုတောင်းကြသည့်အပြင် ဗုံတီး၍ ကခုန်ခြင်း၊ ဘာသာရေးဆိုင်ရာ စာပေများ ရွတ်ဖတ်ခြင်းနှင့် သက်သတ်လွတ် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။

စန္ဒီမယ်တော်အား ပူဇော်ရာတွင် ငှက်ပျောသီး၊ စပျစ်သီး၊ ပန်းသီး၊ မာလာကာသီးအပါအဝင် သစ်သီးဝလံ ၈ မျိုးမှ ၁၀ မျိုးအထိ အသုံးပြုကြပြီး ညပိုင်းတွင်လည်း ဆုတောင်းခြင်း၊ ဗုံတီးခြင်းနှင့် ကခုန်ခြင်းများဖြင့် ပွဲတော်ကို ဆင်နွှဲကြသည်။

ဟိန္ဒူဘာသာဝင်များ၏ ယုံကြည်ချက်အရ စန္ဒီမယ်တော်သည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအပါအဝင် လူမှုဘဝအတွက် ကောင်းကျိုးပေးပြီး အန္တရာယ်များနှင့် မကောင်းဆိုးဝါးများမှ ကာကွယ်ပေးသည့် မယ်တော်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ မိသားစုနှင့် လူမှုဘဝများ အေးချမ်းသာယာစေရန် ရည်ရွယ်၍ မယ်တော်အား နှစ်စဉ် ပူဇော်ဆုတောင်းကြခြင်းဖြစ်သည်။

ပွဲတော်၏ နောက်ဆုံးနေ့တွင် စန္ဒီမယ်တော်ရုပ်ထုကို ပန်းများ၊ ဆီမီးများဖြင့် ပူဇော်ပြီး အနီးအနားရှိ မြစ်ချောင်းများအတွင်း မျှောပေးသည့် အစီအစဉ်ကိုလည်း ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ခရိုင်ဟိန္ဒူ လူမျိုးစုရေးရာကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဟိန္ဒူဘာသာဝင်များ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများလည်း အတူတကွ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပွဲတော်ကို အကျဉ်းချုံးသာ ကျင်းပခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ်တွင်လည်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကြောင့် ပွဲတော်ကို ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ရေးပဋိပက္ခများနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကြားတွင် ဘာသာရေးပွဲတော်များကို ဆက်လက်ကျင်းပခြင်းသည် ဟိန္ဒူဘာသာဝင်များအတွက် မိမိတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာအစဉ်အလာများကို ထိန်းသိမ်းနိုင်ရန် အရေးပါသည့် အခန်းကဏ္ဍတစ်ခုလည်း ဖြစ်သည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ