AB News – ဇူလိုင် ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည် မြောက်ပိုင်း နယ်စပ်ဒေသဖြစ်သော မောင်တောမြို့တွင် ကိုးရက်ကြာ ကျင်းပခဲ့သည့် ဟိန္ဒူရိုးရာ Sri Sri Jagannath Rath Yatra ပွဲတော်၏ နောက်ဆုံးအစီအစဉ်ဖြစ်သော Sri Sri Jagannath Bahuda Yatra ( ဘုရားရုပ်တုကို မူလဗိမာန်သို့ ပြန်လည်ပင့်ဆောင်သည့် အခမ်းအနား) ကို ဇူလိုင် ၂၄ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း Arakan Bay News က ကွင်းဆင်း တွေ့ရသည်။
ဟိန္ဒူဘာသာဝင်များ၏ အရေးပါသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် Sri Sri Jagannath Rath Yatra ကို ယခုနှစ်တွင် (၂၄) ကြိမ်မြောက်အဖြစ် ဇူလိုင် ၁၆ ရက်မှ ၂၄ ရက်အထိ ကိုးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။
ပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သော Bahuda Yatra သည် ပွဲတော်အစတွင် ယာယီပင့်ဆောင်ထားသည့် Lord Jagannath ၏ ရုပ်တုကို မူလဗိမာန်သို့ ဂုဏ်ပြုအခမ်းအနားများဖြင့် ပြန်လည်ပင့်ဆောင်ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာရေး အစဉ်အလာအရ အထူးမြင့်မြတ်သည့် အခမ်းအနားတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ပွဲတော်ကာလအတွင်း ဘာသာရေးဆုတောင်းပွဲများ၊ ဓမ္မတေးသီဆိုခြင်း၊ အလှဆင်ထားသော ရထားတော်ဖြင့် မြို့တွင်း လှည့်လည်ပင့်ဆောင်ခြင်း၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုဖျော်ဖြေပွဲများနှင့် ပွဲတော်သို့ လာရောက်သူများအား သက်သက်လွတ်အစားအစာများ အခမဲ့ကျွေးမွေးလှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
Sri Sri Jagannath Rath Yatra သည် အိန္ဒိယနိုင်ငံ Odisha ပြည်နယ်ရှိ Puri မြို့တွင် အကြီးကျယ်ဆုံး ကျင်းပလေ့ရှိသည့် ကမ္ဘာကျော် ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဟိန္ဒူအသိုက်အဝန်းများရှိသည့် နိုင်ငံအများအပြားတွင်လည်း နှစ်စဉ်ကျင်းပလေ့ရှိသည်။
ဒေသခံများ၏ ပြောကြားချက်များအရ လက်ရှိကာလအတွင်း မောင်တောဒေသ၌ ဟိန္ဒူဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို စဉ်ဆက်မပြတ် ကျင်းပလာနိုင်ခဲ့ပြီး ယခုနှစ် Bahuda Yatra ကိုလည်း ဒေသခံများ၏ ကျယ်ပြန့်သော ပါဝင်မှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ပွဲတော်သို့ ဟိန္ဒူဘာသာဝင်များနှင့် ဒေသခံပြည်သူအများအပြား တက်ရောက်ခဲ့ကြပြီး ဘာသာရေးယုံကြည်မှု၊ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် အရေးပါသည့် အခမ်းအနားတစ်ခုအဖြစ် မှတ်ယူကြောင်း ပွဲတော်တက်ရောက်သူများက ပြောကြားသည်။
Photo – Hein Tun/ AB News











