သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် တောင်ကျရေကြောင့် ကျေးရွာအချို့ ရေကြီး၊ သွားလာရေးခက်ခဲနေ

AB News – ဇူလိုင် ၁၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ရွာသာယာနှင့် ကံပြင်သာစည်ကျေးရွာတို့တွင် ယနေ့ ဇူလိုင် ၁၁ ရက်က တောင်ကျရေ အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လမ်းနှင့် တံတားအချို့ ရေနစ်မြုပ်ကာ ဒေသခံများ သွားလာရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းနေသဖြင့် ကျေးရွာအတွင်းရှိ လမ်းပိုင်းများနှင့် မြေနိမ့်ပိုင်းနေရာများ ရေနစ်မြုပ်နေသည့်အပြင် တံတားအချို့လည်း ရေဖုံးလွှမ်းနေကာ ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

ရေကြီးမှုအတွင်း ကျောင်းသူတစ်ဦးသည် စက်ဘီးဖြင့် သွားလာစဉ် လမ်းချော်ကာ စက်ဘီးမှ လဲကျပြီး ရေထဲသို့ ကျသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ ဘေးကင်းခဲ့ကြောင်း သိရသည်။

“ကျောင်းသူတစ်ယောက် စက်ဘီးစီးလာရင်း လမ်းချော်ပြီး ရေထဲကို လဲကျသွားပါတယ်။ ရေစီးလည်း တော်တော်သန်နေတော့ အန္တရာယ်များပါတယ်။ ကံကောင်းလို့ သူ့မှာ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး” ဟု ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

လက်ရှိတွင် ရေစီးအား သန်နေဆဲဖြစ်ပြီး ရေဖုံးလွှမ်းနေသည့် လမ်းနှင့် တံတားများကို ဖြတ်သန်းသွားလာခြင်းမှာ အန္တရာယ်ရှိနေကြောင်း ဒေသခံများက ဆိုသည်။

အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ စက်ဘီးနှင့် ဆိုင်ကယ်အသုံးပြုသူများအနေဖြင့် ရေစီးသန်သည့် နေရာများနှင့် ရေဖုံးလွှမ်းနေသော တံတား၊ လမ်းပိုင်းများကို ဖြတ်သန်းခြင်းမှ ရှောင်ရှားရန် လိုအပ်နေသည်။

မိုးဆက်လက်ရွာသွန်းပြီး တောင်ကျရေများ ထပ်မံစီးဆင်းလာပါက ရေကြီးရေလျှံမှု အခြေအနေ ပိုမိုဆိုးရွားလာနိုင်သဖြင့် မြေနိမ့်ပိုင်းနေ ဒေသခံများအနေဖြင့် ရေအခြေအနေကို အနီးကပ် စောင့်ကြည့်ရန်နှင့် ဘေးကင်းရေးကို အထူးဂရုပြုရန် လိုအပ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ