
AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်မြောက်ပိုင်းတွင် မူဆလင်များအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့သည့်အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ်စီရင်ချက် ချမှတ်ပြီးနောက် မူဆလင်အရေးနှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုအပေါ် ခိုင်မာစွာ ရပ်တည်သွားမည်ဟု အာရက္ခတပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
ဦးခိုင်သုခက “လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ အမှန်တရားနှင့် တရားမျှတမှုအပေါ်မှာ ခိုင်မာစွာရပ်တည်ပြီးတော့ အာရက္ခဒေသအကျိုးစီးပွားအတွက် သင့်တော်လိုအပ်သလို ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မီဒီယာများသို့ ဖြေကြားထားသည်။
မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ်က ရက္ခိုင်ပြည်မြောက်ပိုင်း စစ်ဆင်ရေးတွင် မူဆလင်လူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ် (The Hague) မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ (အမှုစွဲဆိုပြီး ၇ နှစ်အကြာ) တွင် အပြီးသတ် စီရင်ချက်အမိန့် ၁၃ ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များကို တားဆီးကာကွယ်ရန်နှင့် ကျူးလွန်သူများကို အရေးယူရန် နိုင်ငံတကာဥပဒေအရ ရှိနေသည့် တာဝန်ဝတ္တရားများကိုလည်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ICJ ၏ ဆုံးဖြတ်ချက်တွင် မူဆလင်များအား မူလနေရာတွင် လုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေး လုပ်ဆောင်ပေးရမည်၊ ဂုဏ်သိက္ခာထိခိုက်စေသည့် အတားအဆီးမှန်သမျှကို ဖယ်ရှားပေးရမည်၊ နစ်နာသူများကို အသိအမှတ်ပြုရမည်၊ လုံလောက်သည့် လျော်ကြေးပေးရမည်၊ တစ်ဦးချင်းစီကိုလည်း အထောက်အပံ့ပေးရမည်ဟု တရားရုံးက ဆုံးဖြတ်လိုက်ပြီး နှစ်နှစ်အတွင်း ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာဘက်က တရားရုံးထံ ပြန်လည်အစီရင်ခံ တင်ပြရမည်ဟုလည်း အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ မူဆလင်လူမျိုးများ နေထိုင်ခဲ့သည့် ဘူးသီးတောင်၊ မောင်တော အပါအဝင် ရက္ခိုင်မြောက်ပိုင်း မြို့နယ်များကို ယခင်က မြန်မာစစ်အုပ်စုက ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများ ဖြစ်သည်။
ထို့အပြင် မူဆလင်များ နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ အာရက္ခတပ်တော် (AA) သည် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။