AB News – ဩဂုတ် ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် သောက်ရေကန်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) နှင့် ဒေသခံများ ပူးပေါင်း၍ သန့်ရှင်းရေးနှင့် ပြန်လည်တူးဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ဩဂုတ်လ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဂေါင်နီ (မူဆလင်) ကျေးရွာရှိ အများပြည်သူအသုံးပြုသည့် သောက်ရေကန်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA)၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ ရက္ခိုင်၊ ဟိန္ဒူနှင့် မူဆလင် ဒေသခံပြည်သူများကလည်း အဆိုပါသန့်ရှင်းရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ကူညီခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း မောင်တောခရိုင်အတွင်း ရက္ခိုင်၊ မူဆလင်နှင့် ဟိန္ဒူလူမျိုးများအပါအဝင် လူမျိုးဘာသာမတူညီသူများ ပူးပေါင်းကာ ဘာသာရေးအဆောက်အအုံများကို သန့်ရှင်းရေးပြုလုပ်ပြီး လူမှုသဟဇာတမြှင့်တင်ရေး လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Photo – APM
