AB News – ဩဂုတ် ၁၈၊ ၂၀၂၆
တောင်ကိုရီးယားနိုင်ငံရောက် ရက္ခိုင်ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးကို ဖော်ညွှန်းသည့် “၂၀၂၆ ခုနှစ် ရက္ခိုင်ရိုးရာ သင်္ကြန်ရေလောင်းပွဲတော်” ကို ဩဂုတ်လ ၁၆ ရက်နေ့တွင် အန်ဆန်းမြို့ရှိ Shin Ansan University ၌ စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရိုးရာယဉ်ကျေးမှု ပွဲတော်ကို ရက္ခိုင်အသင်း (ကိုးရီးယား) မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရေခြားမြေခြား တောင်ကိုရီးယားနိုင်ငံ၏ နေရာအသီးသီးတွင် ရောက်ရှိလုပ်ကိုင်နေကြသော ရက္ခိုင်လူမျိုးများ၊ မိသားစုများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယခုနှစ် ကျင်းပသည့် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်သည် ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရာရောက်ရုံမျှမက လက်ရှိ ရက္ခိုင်ပြည်အတွင်း စစ်ဘေးဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပံ့ပိုးပေးနိုင်ရန် ဦးတည်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပွဲတော် ဖြစ်မြောက်ရေးအတွက် မတည်ငွေ ထည့်ဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ၊ အတူတကွ ပါဝင်အားပေးခဲ့ကြသည့် အသိုင်းအဝိုင်း အသီးသီးကို ရခိုင်အသင်း (ကိုးရီးယား) မှ အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းကာ လိုအပ်နေသူများကို အတူတကွ လက်တွဲကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြချက်အရသိရသည်။
ပုံ – ရက္ခိုင်အသင်း (ကိုးရီးယား)
