
AB News – စက်တင်ဘာ ၁၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ကျရောက်ပေါက်ကွဲကာ နေအိမ်မီးလောင်ပျက်စီးခဲ့ပြီး အုပ်ချုပ်ရေးမှူးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ ညအချိန်တွင် စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် အသက် (၄၀) အရွယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နိုင်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ၎င်း၏ နေအိမ် အပါအဝင် လယ်ထွန်စက်နှင့် သိုလှောင်ထားသော စပါးများပါ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် လူနေကျေးရွာများကို စစ်ကော်မရှင်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်နေသောကြောင့် ကွမ်းတောင်၊ စပါးထား၊ ပဒေသာ၊ ဆင်အင်းကြီး၊ ဖက်ကျ၊ ဒီပါရုံ ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ထို့ပြင် စစ်ကော်မရှင်တပ်သည် ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် မြောက်ဦးမြို့ကိုလည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ နာရီကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ပုဏ္ဏားကျွန်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စက်တင်ဘာလ ပထမအပတ်မှစ၍ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် အရှိန်အဟုန်မြှင့် ပစ်ခတ်လျက်ရှိပြီး အာရက္ခတပ်တော် (AA) နှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။