AB News – ဇူလိုင် ၁၂၊ ၂၀၂၆
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသ၊ ပလက်ဝခရိုင်၊ ဆမီးမြို့ရှိ ရေနစ်မြုပ်ခဲ့သော ရပ်ကွက် ၂ ခုမှ ပြည်သူများကို ULA မှ ဦးဆောင်၍ အရေးပေါ်ကူညီကယ်ဆယ်ရေးများအပြင် အခမဲ့ဆေးကုသမှုများကို ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့၊ မွန်းလွှဲ ၂ နာရီအချိန်တွင် ဆမီးမြို့၊ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃၁) စု၊ စုစုပေါင်း လူဦးရေ (၁၆၄) ဦးတို့ကို အရေးပေါ် ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလက်ဝခရိုင်၊ ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ပလက်ဝခရိုင်အုပ်ချုပ်ရေးဌာနမှ သွားရောက် ကူညီခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ ကူညီရာတွင် ရေဘေးသင့်ပြည်သူများ၏ နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေအပေါ် မူတည်၍ စနစ်တကျ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နေအိမ် (၁၀၀%) လုံးဝ ပျက်စီးသွားသည့် အိမ်ထောင်စု (၁) စုကို ငွေကျပ် (၅၀၀,၀၀၀)၊ တာပိုလိပ်၊ ဆန်နှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထို့ပြင် (၅၀%) ပျက်စီးခဲ့သည့် အိမ်ထောင်စုများကို ငွေကျပ် (၃၀၀,၀၀၀)၊ (၂၅%) ပျက်စီးခဲ့သည့် အိမ်ထောင်စုများကို ငွေကျပ် (၂၀၀,၀၀၀) နှင့် (၁၀%) ပျက်စီးခဲ့သည့် အိမ်ထောင်စုများကို ငွေကျပ် (၁၅၀,၀၀၀) စီအပြင် ဆန်နှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများကိုပါ အသီးသီး ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ထောက်ပံ့မှုများ ပြုလုပ်ပေးသည့်အပြင် ဆမီးမြို့ အမှတ် (၁) နှင့် (၂) ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများကို အခမဲ့ ဆေးကုသမှုများပါ တစ်ပါတည်း ပြုလုပ်ပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရန်အတွက် လိုအပ်သည်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။



