သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် စစ်ရှောင် အိမ်ထောင်စု ၅၇ စုအတွက် ULA မှ တစ်လစာ စားနပ်ရိက္ခာ  ထောက်ပံ့

AB News – စက်တင်ဘာ ၂၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ရှောင် အိမ်ထောင်စု ၅၇ စုအတွက် တစ်လစာ ဆန်၊ ဆီနှင့် ဆားများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယမန်နေ့ စက်တင်ဘာ ၂၆ ရက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ မြို့နယ် စစ်ရှောင်ကော်မတီမှ ဦးဆောင်၍ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ရှောင် အိမ်ထောင်စု ၅၇ စုမှ လူဦးရေ ၁၆၅ ဦးအတွက် လူတစ်ဦးလျှင် တစ်ရက် ဆန် ၂ ဘူးနှုန်းဖြင့် တစ်လစာ ထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် ဆား ၁ ပိဿာနှင့် ဆီ ၁ လီတာစီ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ရေး လုပ်ငန်းစဉ်တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ DELPs နှင့် အမျိုးသမီးအင်အားစုတို့ကလည်း ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်။

ULA သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ စစ်ရှောင် အိမ်ထောင်စု ၉၇ စု၊ လူဦးရေ ၃၂၀ အတွက် ဆန်၊ ဆီနှင့် ဆား အစရှိသည့် စားနပ်ရိက္ခာများကို တစ်လစာ ထောက်ပံ့ပေးခဲ့သေးကြောင်း သိရသည်။

ပုံ – ပေးပို့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ