သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရမြို့နယ်ကို စစ်ကော်မရှင် Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဆယ်ကျော်သက် အရွယ် က​လေး ၂ ဦးအပါအဝင် အရပ်သား ၉ ဦး ဒဏ်ရာရရှိ

AB News – စက်တင်ဘာ ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့နယ်၊ စွန်ရဲကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က ယနေ့ စက်တင်ဘာ ၂၈ ရက် နံနက် ၇ နာရီခန့်တွင် Y-12 လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ် ကလေး ၂ ဦး အပါအဝင် ဒေသခံ အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စွန်ရဲကျေးရွာတွင် နေထိုင်ကြသည့် အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးဝေလင်း၊ အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးဦး၊ အသက် ၂၂ နှစ်အရွယ် မပြုံးပြုံး၊အသက် ၂၈ နှစ်အရွယ် မောင်ကျော်ဝင်း၊ အသက် ၂၉ နှစ်အရွယ် မောင်အေးကျော်မိုး၊ အသက် ၄၃ နှစ်အရွယ် ဒေါ်မာမာအေး၊ အသက် ၄၅ နှစ်အရွယ် မအေးဝင်းသိန်း၊ အသက် ၇၀ နှစ်အရွယ် ဦးမောင်ဦးဖြူနှင့် နောက်ထပ်တစ်ဦးရို့လည်း ဒဏ်ရာရရှိသွားခဲ့ကြသည်။

” ဒီနေ့မနက် ၇ နာရီလောက်မှာ Y-12 နဲ့ လာပြီးဗုံးလာကြဲသွားတာ။ ၉ ယောက်ဒဏ်ရာရသွားတယ်။ ဒေါ်မာမာအေးကတေ့ာ အပြင်းထန်ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက AB News သို့ပြောသည်။

ဒဏ်ရာရရှိသူများအနက် အသက် ၄၃ နှစ်အရွယ် ဒေါ်မာမာအေးတွင် ညာဘက်လည်ပင်းအနီး ဗုံးစထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးဦးတွင်လည်း ခြေသလုံး၌ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သဖြင့် လက်ရှိတွင် ၎င်းတို့အား အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ စက်တင်ဘာ ၂၇ ရက် နံနက် (သန်းခေါင်ယံကျော်) ကလည်း အဉ္ဇနပူရမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ Y-12 လေယာဉ်ဖြင့် ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သဖြင့် အသက် ၅၀ အရွယ် အရပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

​ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကော်မရှင်၏ တိုက်လေယာဉ်သည် အဉ္စနပူရမြို့ပေါ်တွင် ဝဲပျံပြီးနောက် သစ်ပုတ်တောင်ကျေးရွာ အရှေ့ဘက် တောင်တန်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ပြင် မေလ ၇ ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်က သစ်ပုတ်တောင်နှင့် ကျောက်ခုတ်ကျေးရွာအနီးဝန်းကျင်ရှိ တောင်တန်းများကို ဂျက်ဖိုက်တာ ၃ စီး၊ Y-12 ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အကြမ်း‌ဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၃ ရက်နေ့မှ၍ ယနေ့ အချိန်အထိ ရက္ခိုင်ပြည်က မြို့နယ်အများစုကို ဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းများအသုံးပြုကာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူများထိခိုက်‌‌ သေဆုံးမှုများနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိနေသည်။

ပုံစာ  – ယနေ့တွင် အဉ္ဇနပူရမြို့နယ် စွန်ရဲကျေးရွာကို စစ်ကော်မရှင်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူနှင့် ထိခိုက်ပျက်စီးမှုများအားတွေ့ရစဥ် (ပုံ – ပေးပို့)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ