AB News – စက်တင်ဘာ ၃၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ “အိန္ဒိယဈေး” လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူ ၅၀ ဦးအနက် ရုပ်အလောင်း ပျက်စီးနေသဖြင့် မည်သူမည်ဝါ ဖော်ထုတ်၍ မရသေးသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်း ၂၂ လောင်းကို ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ကူညီ၍ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုင်ရှင်မဲ့ ရုပ်အလောင်းများမှာ စစ်ကော်မရှင်တပ်၏ ဗုံးစထိမှန်မှု ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပိုင်းထွက် ပြန့်ကျဲခြင်း၊ မီးလောင်ကျွမ်းခြင်းတို့ဖြစ်ပေါ်ခဲ့သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲနေသည့် ရုပ်အလောင်းများ ဖြစ်သည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား အနီးဝန်းကျင်တို့အား ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝမ်းရေးအတွက် ကုန်တင်ကုန်ချ ပြုလုပ်နေသည့် အလုပ်သမားများ၊ ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာ မူဆလင်ပြည်သူများ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုဖြစ်စဉ်သည် မြောက်ဦးပြည်သူ့ဆေးရုံကြီး ဗုံးကြဲခံရသည့် ဖြစ်စဉ်ပြီးနောက် အပြစ်မဲ့ အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။
Photo – ONN
