
AB News – အောက်တိုဘာ ၁၊ ၂၀၂၆
ရက္ခိုင်တွင် စစ်ကော်မရှင်က အပြစ်မဲ့အရပ်သားပြည်သူများကို လေကြောင်းနှင့် ရေကြောင်းမှ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် စက်တင်ဘာ တစ်လတာအတွင်း သေဆုံးသူ ၆၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၃ ဦးခန့်အထိရှိကြောင်း Arakan Bay News ၏ စစ်တမ်းကောက်ချက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် မူဆလင်များ၊ ကလေးငယ်များအပါအဝင် သက်ကြီးရွယ်အိုများ ထိခိုက်သေဆုံးခဲ့ရပြီး အရပ်သားပြည်သူများ ပိုင်ဆိုင်သည့် အိုးအိမ်တိုက်တာများနှင့် တိရစ္ဆာန်များစွာလည်း ဆုံးရှုံးပျက်စီးခဲ့ရသည်။
မြေပြင်တွင် အာရက္ခတပ်တော်ထံ စစ်ရှုံးနေသော စစ်ကော်မရှင်သည် ရှုံးမဲ မဲကာ စစ်ပွဲနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများ၊ စာသင်ကျောင်းများ၊ ဈေး၊ တံတားများ၊ သမိုင်းဝင်ဘုရားများနှင့် သာသနိကအဆောက်အအုံများပါမချန် လေကြောင်း၊ ရေကြောင်းများ အသုံးပြုကာ နေ့တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
တစ်လတာ တိုက်ခိုက်ခံရမှုအတွင်း စက်တင်ဘာ ၂၈ ရက်နေ့က ကျောက်တော်၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား တိုက်ခိုက်ခံရမှုသည် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးနှင့် သေဆုံးမှုအများဆုံးဖြစ်သည်။
ယခုလက်ရှိအချိန်တွင်လည်း အရပ်သားပြည်သူများသည် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မိမိတို့၏ အသက်အိုးအိမ်လုံခြုံရေးအပြင် နေ့စဉ်လူမှုဘဝများကိုပါ ထိခိုက်မှုများရှိနေကြောင်း သိရသည်။
Photo – AA Info Desk