သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် “အိန္ဒိယဈေး” ဗုံးကြဲခံရမှုအပေါ် မြောက်ဦးမြို့နယ် မူဆလင်ရေးရာညှိနှိုင်းရေးကော်မတီ ပြင်းထန်စွာ ရှုတ်ချ

AB News – စက်တင်ဘာ ၃၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ “အိန္ဒိယဈေး” ကို စစ်ကော်မရှင်တပ်က အရပ်သား ပြည်သူများ စည်ကားစွာ သွားလာလှုပ်ရှားနေချိန် လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုအပေါ် မြောက်ဦးမြို့နယ် မူဆလင်ရေးရာညှိနှိုင်းရေးကော်မတီက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်တို့တွင် စစ်ကော်မရှင်တပ်က ကျောက်တော်မြို့၊ အိန္ဒိယဈေးသို့ လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆလင် ပြည်သူများ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ယင်းအနက် ၂၁ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် မြေပြင်တိုက်ပွဲများ၌ စစ်ရေးအရ ရှုံးနိမ့်နေမှုကြောင့် ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဈေးများကဲ့သို့ အရပ်သားပြည်သူများ စုစည်းရာ နေရာများကို လူစည်ကားချိန်၌ အချိန်ကိုက်၍ လေကြောင်းမှ နေ့စဉ်ရက်ဆက် လူမဆန်စွာ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

ယင်းသို့ စစ်ကော်မရှင်တပ်၏ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနှင့် ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည့် စစ်ကော်မရှင်တပ်၏ အပြုအမူကို ပြင်းထန်စွာ ရှုတ်ချကြောင်း မြောက်ဦးမြို့နယ် မူဆလင်ရေးရာညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်၏ ဦးတည်တိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနစ်နာနေရသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရက္ခိုင်ပြည်သူများအပေါ် ကိုယ်ချင်းစာတရား ထားရှိကာ စစ်ကော်မရှင်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို နှောင့်နှေးခြင်းမရှိဘဲ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်နှင့် တရားမျှတမှု ရရှိရေးအတွက် မြို့နယ် မူဆလင်ရေးရာညှိနှိုင်းရေးကော်မတီက တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ