AB News – အောက်တိုဘာ ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးခန့် သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
AAPP ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ပထမပတ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ အောင်ဖြူပြင်ကျေးရွာနှင့် ဗျာလ၊ ပန်းနီလာ စစ်ဘေးရှောင်စခန်းများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၅ ရက်တွင် ပန်းနီလာစစ်ဘေးရှောင်စခန်းအနီးရှိ ဆေးခန်းနှင့် အောင်ဖြူပြင်ကျေးရွာကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သူနာပြုအလုပ်သင် မခိုင်သဇင်စိုး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနှင့် ယိုးငူကျေးရွာအနီးရှိ ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်စခန်းများကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေသည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကိုပါ နေ့စဉ် ကြားနေရသဖြင့် စစ်ဘေးရှောင်အချို့မှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရပြီး အချို့မှာလည်း နေရာပြောင်းရွှေ့ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ CAS ၏ စက်တင်ဘာလ လစဉ်အစီရင်ခံစာတွင်လည်း ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားများ၏ လုံခြုံရေးအန္တရာယ် မြင့်တက်လာပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ဖော်ပြထားသည်။
ရက္ခိုင်ပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ပြင်းထန်နေချိန်တွင် အရပ်သားများ၊ ကျန်းမာရေးအဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများအပေါ် တိုက်ခိုက်မှုများကြောင့် ဒေသခံများ၏ အသက်အိုးအိမ်လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေသည်။

