
AB News – နိုဝင်ဘာ ၁၅၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်းရှိ အဥ္ဇနပူရ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တို့ကို စစ်ကော်မရှင်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုအပြင် မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား ၃ စင်းနှင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးခဲ့ရကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။
ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်၊ နံနက်၁ နာရီ၊ ၃၂ မိနစ်ခန့်တွင် ရမ်းဗြဲမြို့နယ်ရှိ သဇင်တန်ပေါက်တံတားနှင့် သံသမချေတံတားတို့ကို စစ်ကော်မရှင်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ပြီး နံနက် ၁ နာရီ၊ ၄၀ မိနစ်နှင့် ၁၀ နာရီ၊ ၁၂ မိနစ်တို့တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ နံနက် ၂ နာရီခန့်တွင် အဥ္ဇနပူရမြို့နယ်၊ စွန်ရဲကျေးရွာရှိ တံတားတစ်စင်းကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်တွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို စစ်ကော်မရှင်၏ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် နေ့၊ ည ၇ နာရီခန့် အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူ နှင့် သရက်ချိုကျေးရွာကြားရှိ ဗျာလစစ်ဘေးရှောင်စခန်း (IDP Camp) အား စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦး ထက်မနည်းသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – AA Info Desk