AB News – နိုဝင်ဘာ ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီသားဖွားဆေးရုံကို ယနေ့ နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခွဲခန့်က စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးများ အပါအဝင် ၄ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရသည်။
အဆိုပါနေရာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်ကြောင်း ကနဦး သိရသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း လူနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ၏ အမည်၊ အသက်အရွယ်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့်မသက်ဆိုင်သော လူစည်ကားရာ နေရာများဖြစ်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဈေးများသို့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူများကို သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။
ပုံ – Narinja


