သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က မြို့ ၄ ​မြို့ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ မွေးကင်းစ ကလေးငယ် ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး၊ ၃၂ ဦးထိခိုက်ဒဏ်ရာရ

AB News – နိုဝင်ဘာ ၂ ၊၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ နှင့် ဝီရဌာနီ မြို့နယ် (၄) ခုကို စစ်ကော်မရှင်တပ်မှ နိုဝင်ဘာလ (၁) ရက်တည်းအတွင်း လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၃၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

နိုဝင်ဘာလ တစ်ရက်တည်းအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး တစ်နှစ်အထက် ကလေးငယ်များအပါအဝင် လူကြီး လူငယ် စုစုပေါင်း ၃၂ ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။

ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနှင့် ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားသော တံတားအား အကြမ်းဖက် စစ်ကော်မရှင်တပ်မှ နိုဝင်ဘာလ ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လမ်းသွားလမ်းလာ အပြစ်မဲ့ခရီးသွားပြည်သူ သေဆုံးသူ ၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦး ရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) မှ ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။

ထို့အပြင် အဆိုပါတံတားမှာလည်း ပျက်စီးခဲ့ရပြီး တံတားပေါ်သွားလာနေကြသော ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ နှင့် တံတား အနီးအနားပတ်ဝန်းကျင်မှ ပြည်သူများ၏ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့သည်။

အလားတူ ၅ နာရီ ၂၇ မိနစ်အချိန်ခန့်တွင်လည်း မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိ ဒေသခံပြည်သူလူထုများကို ဆေးကုသပေးနေသည့် ယာယီဆေးကုခန်း၊ သားဖွားဆောင် နှင့် ၎င်းပတ်ဝန်းကျင်တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် Cluster ဗုံး (၄) လုံးကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ လက်ရှိအချိန်ထိ သေဆုံးသူ ၅ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးအထိရှိခဲ့သည်။

ထို့အပြင် ဆေးဝန်ထမ်းအချို့ ဒဏ်ရာရရှိကာ ဆေးခန်းအဆောင်များနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုနည်းတူ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကိုလည်း ယနေ့၊ ညနေ ၅ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၆ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်။

ယင်းအပြင် နံနက် ၃ နာရီ ၅၈ မိနစ်အချိန်ခန့်တွင်လည်း ဝီရဌာနေ မြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာတို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ Y-12 လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။

ထို့အပြင် နေအိမ် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့သည်။

စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ (၁) ရက်တည်းမှာပင် အာရက္ခဒေသ၏ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဖြူမြို့နယ် နှင့် ဝီရဌာနေမြို့နယ်များ၌ရှိသော အများပြည်သူများသွားလာရာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းများနှင့် လူနေရပ်ကွက်များကို ရှေ့ဆင့်နောက်ဆင့်တိုက်ခိုက်ပြီး အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဆိုထားသည်။

Photo – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ