AB News – နိုဝင်ဘာ ၁၊ ၂၀၂၆
မလေးရှားနိုင်ငံမှ ပြန်လည်ပြည်နှင်ဒဏ်ပေး (Deport) ပြီးနောက်တွင် စစ်ကော်မရှင်၏ ရေတပ်သင်္ဘောများဖြင့် ရန်ကုန်သို့ရောက်ရှိလာချိန်၌ စစ်ကော်မရှင်၏ ထိန်းသိမ်းစစ်ဆေးခြင်း ခံခဲ့ရသည့် ရခိုင်လူမျိုးများကို မလေးရှားအစိုးရ၏ ဖိအားနှင့် မေးမြန်းစုံစမ်းမှုများကြောင့် စစ်ကော်မရှင်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၄) ရက်နေ့က မလေးရှားအစိုးရသည် ရခိုင်လူမျိုး (၄၂၉) ဦးအပါအဝင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား၊ ဒုက္ခသည် စုစုပေါင်း (၁၄၀၀) ဦးကို စစ်ကော်မရှင် ရေတပ်သင်္ဘောများနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
မလေးရှားနိုင်ငံမှ ပြန်လည်ပို့ဆောင်ပေးခဲ့သော မြန်မာနိုင်ငံသားများထဲမှ ရခိုင်လူမျိုးများသည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် မိသားစုများထံ တိုက်ရိုက်ပြန်ခွင့်မရဘဲ သံလျင် သာသနာ့ဗိမာန်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့တော်ခန်းမတို့တွင် စစ်ကော်မရှင်၏ ထိန်းသိမ်းစစ်ဆေးခြင်းကို ခံခဲ့ရသည်။
အဆိုပါ ထိန်းသိမ်းခံရမှု ဖြစ်စဥ်နှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က အောက်တိုဘာလ (၂၆) ရက်နေ့က မလေးရှားနိုင်ငံလွှတ်တော်အတွင်း စစ်ကော်မရှင်ထံ အကြောင်းပြချက်နှင့် ရှင်းလင်းချက်များတောင်းခံသွားမည်ဟု ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားချက်များ ထွက်ပေါ်လာပြီးနောက်တွင် စစ်ကော်မရှင်သည် အောက်တိုဘာလ (၂၈) ရက်နေ့မှ စတင်ကာ ထိန်းသိမ်းထားသူများအား ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းထိန်းသိမ်းခံထားရသူများအနက် လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) မြို့တော်ခန်းမတွင် ထိန်းသိမ်းခံထားရသည့် စစ်တွေ၊ ရသေ့တောင်၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့မှ ရခိုင်လူမျိုး ( ၂၁၂) ဦးကို မိသားစုဝင်များက ခံဝန်လက်မှတ်ထိုး၍ သွားရောက်ထုတ်ယူခဲ့ကြကြောင်း သိရသည်။
သို့သော်လည်း သံလျင်မြို့နယ် သာသနာ့ဗိမာန်တွင် ထိန်းသိမ်းခံထားရသည့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တောမြို့နယ်တို့မှ ကျန်ရှိနေသူ (၂၁၇) ဦး၏ နောက်ဆက်တွဲ အခြေအနေများကိုမူ လက်ရှိတွင် အတည်မပြုနိုင်သေးပေ။
အလားတူ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်လူမျိုး အလုပ်သမားများနှင့် လူငယ်များကို လမ်းခရီးနှင့် စစ်ဆေးရေးဂိတ်များတွင် စစ်ကော်မရှင်မှ မတရားဖမ်းဆီးစစ်ဆေးခြင်း၊ နှိပ်စက်ခံရခြင်း၊ အဓမ္မ စစ်သားစုဆောင်းခံရခြင်းနှင့် သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့ဖူးသည်။
ထို့ကြောင့် စစ်ကော်မရှင်မှ ယခုကဲ့သို့ပြန်လည် ထိန်းသိမ်းမှုအပေါ် မိသားစုဝင်များနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများအကြား စိုးရိမ်မှုများမြင့်တက်ခဲ့ရသည်။
လက်ရှိတွင် မလေးရှားအစိုးရ၏ တောင်းဆိုမှုများကြောင့် အချို့ကို ပြန်လည်လွှတ်ပေးနေပြီဖြစ်သော်လည်း နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများ (HRW) ကမူ ဘေးအန္တရာယ်ရှိသော စစ်ကော်မရှင်ထံ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများကိုပြန်လည် မပို့ဆောင်ရန် မလေးရှားအစိုးရကို ဆက်လက် တောင်းဆိုထားကြသည်။



