AB News – နိုဝင်ဘာ ၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းတံတားအား စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တံတားမှာ ဆိုးဝါးစွာ ပျက်စီးသွားသဖြင့် ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး သွားလာရ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ကျောက်တော် – ပုဏ္ဏားကျွန်း လမ်းပိုင်းရှိ ဝါးတောင်ကျေးရွာနှင့် ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားသော တံတားအား ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း လမ်းတံတားပေါ် သွားလာနေသည့် ခရီးသွား ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါတံတားကို အသုံးပြု၍ သွားလာနေကြသည့် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေကြောင်း သိရသည်။
ကျောက်တော် ဒေသခံတစ်ဦးက “ဒါက အဝေးပြေးလမ်းပိုင်းမှာ ရှိတာဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေ သွားလာရ အခက်အခဲဖြစ်နေကြတယ်။ တံတားက လုံးဝကို ပျက်စီးသွားတာ။ ပြုပြင်မယ်ဆိုရင်လည်း ကြာဦးမယ်ထင်တယ်။ လမ်းပိတ်ထားရတဲ့ အခြေအနေတောင် ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
လက်ရှိတွင် အဆိုပါတံတားမှာ တံတားဘောင်များနှင့် အခင်းများပါ ပေါက်ပြဲပျက်စီးခဲ့သည့်အတွက် ပြန်လည်ပြုပြင်ရန်မှာလည်း အချိန်ကြာဦးမည်ဖြစ်သဖြင့် တံတားအား အသုံးပြုသွားလာနေကြသော ဒေသခံများမှာလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး အခက်အခဲဖြစ်နေကြသည်။
ထိုယိုးချောင်းတံတားသည် အရှည်ပေ ၄၂၀ ရှိပြီး ဘေလီ သံပေါင်တံတား အမျိုးအစားဖြစ်သည်။
ယင်းအပြင် တံတားပေါ် သွားလာနေကြသော ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များနှင့် တံတား အနီးအနား ပတ်ဝန်းကျင်မှ ပြည်သူများ၏ နေအိမ်၊ ဈေးဆိုင်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “မြေပြင်မှာ စစ်ရှုံးနေတော့ ပြည်သူတွေပိုင်တဲ့ အဆောက်အအုံတွေ၊ လမ်းတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်။ ပြည်သူတွေ အသုံးပြုမှုများတဲ့ လမ်းတွေကို လိုက်ဖျက်ဆီးနေတာ ပြည်သူတွေ အခက်အခဲဖြစ်အောင် လုပ်တာဖြစ်တယ်” ဟု ဆိုသည်။
ယင်းနည်းတူ ယခင် မြို့သိမ်းတိုက်ပွဲများတွင်လည်း ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွ စသည့် မြို့နယ်များတွင် အများပြည်သူ အသုံးပြုနေကြသည့် တံတားများကို စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။
စစ်မြေပြင်တွင် စစ်ရှုံးနေသော စစ်ကော်မရှင်တပ်သည် အာရက္ခဒေသကို ဂျိုင်ရိုကော်ပတာ (Gyrocopter)၊ ဂျက်တိုက်လေယာဉ်များ၊ Y-12 နှင့် အသေခံဒရုန်းများဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
နိုဝင်ဘာ ၁ ရက်နေ့နှင့် နိုဝင်ဘာ ၂ရက်နေ့အတွင်း အာရက္ခဒေသအတွင်း စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် သေဆုံးသူ ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၇အထိရှိခဲ့ကြောင်း သိရသည်။


