သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ “အိန္ဒိယဈေး” ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၃၆ ဦးအထိ မြင့်တက်လာ

AB News – စက်တင်ဘာ ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့တွင် ပြည်သူလူထုများ နေ့စဥ်နှင့်အမျှ သွားရောက် စျေးဝယ်နေကြသည့် “အိန္ဒိယဈေး” နှင့် ကစ္ဆပနဒီတံတား အနီးဝန်းကျင်ကို စစ်ကော်မရှင်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လက်ရှိတွင် အပြစ်မဲ့ အရပ်သား သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၆ ဦးအထိ မြင့်တက်လာကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်သည်။

ယနေ့ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကော်မရှင် လေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား အနီးဝန်းကျင်တို့အား ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အိန္ဒိယဈေး သည် ကျောက်တော်မြို့နယ်အတွင်းရှိ မြို့မနှင့် ကျေးရွာအသီးသီးမှ ကုန်သည်များ၊ ဒေသခံ ဈေးရောင်းဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာများ နေ့စဉ် ရာနှင့်ချီ စုစည်းရောင်းဝယ်ဖလှယ်နေသည့် အဓိက ဈေးကြီး တစ်ခုလည်းဖြစ်သည်။

ထိုသို့ စစ်ရေးပစ်မှတ် မဟုတ်ဘဲ ဈေးအတွင်းနှင့် တံတားအနီးသို့ အနီးကပ် တိုက်ရိုက် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်၍ ဈေးသည်များ၊ စားသောက်ကုန် လာရောက်ဝယ်ယူသူများနှင့် လမ်းသွားလမ်းလာ အများအပြား ထိခိုက်သေဆုံးခဲ့ရသည်။

ထို့ပြင် ဒဏ်ရာရရှိထားသူများအနက် ပြင်းထန်ဒဏ်ရာရရှိသူ အများအပြား ပါဝင်နေသဖြင့် သေဆုံးသူ အရေအတွက်မှာ ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် မြောက်ဦးပြည်သူ့ဆေးရုံကြီး ဗုံးကြဲခံရသည့် ဖြစ်စဉ်ပြီးနောက် ရက္ခိုင်ဒေသအတွင်း စစ်ကော်မရှင်၏ လေကြောင်း အကြမ်းဖက်မှုများအနက် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

“၄၉၂၆ စစ်ဆင်ရေး” အတွင်း မြေပြင်၌ အကျအဆုံးများပြားနေသည့် စစ်ကော်မရှင်သည် ရက္ခိုင်ပြည်အတွင်းရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ အဉ္ဇနပူရ၊ ဝီရဌာနီ၊ မြေပုံ၊ အမ်း၊ သံတွဲနှင့် ဂွမြို့နယ်များရှိ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများ၊ စာသင်ကျောင်းများ၊ အိန္ဒိယဈေး ကဲ့သို့ လူစည်ကားရာ ဈေးများနှင့် ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား၍ လေကြောင်းမှ နေ့စဉ် ရက်ဆက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ