AB News – အောက်တိုဘာ ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်တပ်က ယနေ့ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်များနှင့် Y-12 ကုန်တင်လေယာဉ်တို့ကို အသုံးပြု၍ လေကြောင်းမှ ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းဆောင်တစ်ဆောင် လုံးဝ ပျက်စီးသွားကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ကျောက်တော်မြို့ပေါ် လမ်းမတော်ရပ်ကွက်နှင့် သကြားစက်ရွာအနီးရှိ ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဗုံး ၂ လုံး ကြဲချခဲ့ရာ အဆိုပါ ဘုန်းတော်ကြီးကျောင်းဆောင် တစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် ဘုန်းတော်ကြီးကျောင်းအနီး အရပ်သားပြည်သူများ လုပ်ကိုင်စားသောက်နေသည့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးခြံများအတွင်းသို့လည်း ကျရောက်ပေါက်ကွဲခဲ့ပြီး စိုက်ပျိုးခင်းများ ပျက်စီးသွားခဲ့သည်။
စစ်ကော်မရှင်တပ်သည် စစ်မက်ဆိုင်ရာ ဂျနီဗာ ကွန်ဗင်းရှင်း (Geneva Conventions) နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဈေးများနှင့် သာသနိက အဆောက်အအုံများကို နေ့စဉ်ရက်ဆက် လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းကလည်း ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးရှိ “အိန္ဒိယဈေး” ကို လူစည်ကားချိန်၌ အချိန်ကိုက် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မူဆလင် တိုင်းရင်းသားများ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ယင်းအနက် ၂၁ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
ပုံ – လူမှုကွန်ယက်
