
AB News – အောက်တိုဘာ ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ဝီရဌာနီ မြို့နယ်၊ အဉ္ဇနပူရ၊ ရသေ့တောင်၊ သံတွဲ၊ ကျောက်ဖြူ အစရှိသည့်မြို့နယ်များရှိ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် ပြုလုပ်လာနေသည်။
ကျောက်တော် အိန္ဒိယဈေး ဗုံးကြဲခံရမှု အပါအဝင် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များအပေါ် –
ကုလသမဂ္ဂ (UN): လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) နှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။
ဗြိတိန် (UK) အစိုးရ: အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား လုံးဝ လက်မခံနိုင်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်ရန် တောင်းဆိုထားသည်။
အရပ်ဘက် အဖွဲ့အစည်းများ (CSOs): AAYON၊ ACN၊ AAD နှင့် မြို့နယ် မူဆလင်ရေးရာညှိနှိုင်းရေး ကော်မတီတို့က စစ်ကော်မရှင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့တွင် အရေးယူပေးရန် တောင်းဆိုထားကြသည်။
အဆိုပါ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ ပြစ်တင်ရှုတ်ချမှုများ ဆက်တိုက် ထွက်ပေါ်နေသော်လည်း စစ်ကော်မရှင်တပ်သည် မြေပြင်စစ်ပွဲများတွင် အရေးနိမ့်နေမှုကြောင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ ဈေးနှင့် သာသနိက အဆောက်အအုံများကို နေ့၊ ည မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လျက်ရှိနေသည်။
ယင်းကဲ့သို့ ထိရောက်သည့် တားဆီးအရေးယူမှုများ မရှိသေးဘဲ ထုတ်ပြန်ချက်များသာ ထွက်ပေါ်နေခြင်းကြောင့် မြေပြင်ရှိ စစ်ဘေးသင့် ရက္ခိုင်ပြည်သူများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများနှင့် စိတ်ပျက်အားလျှော့မှုများ အဓိက ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။