AB News – ဧပြီ ၂၇၊ ၂၀၂၆
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနသင်တန်းကျောင်းက ယနေ့ ဧပြီလ ၂၇ နေ့ တွင် သတိပေးထုတ်ပြန်လိုက်သည်။
ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းမှ ထုတ်ပြန်ချက်အရ သွေးလွန်တုတ်ကွေးရောဂါတွင် ဒန်ဂီးအဖျားရောဂါ( Dengue fever)၊ သွေးလွန်တုတ်ကွေးရောဂါ ( Dengue Heamorrhagic fever) နှင့် သွေးလန့်ခြင်း( Dengue Shock Syndrome) စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပွားတတ်သည့် ရောဂါဖြစ်ကြောင်း ဆိုထားသည်။
သွေးလွန်တုပ်ကွေးရောဂါ အစောပိုင်းလက္ခဏာများအဖြစ် ရုတ်တရက်အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ခန္ဓာလုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားချင်/မသောက်ချင်ဖြစ်ခြင်း၊ တစ်ခါတလေမှာ ခန္ဓာကိုယ်တွင် အစက်အပြောက်များပေါ်လာခြင်းတို့ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါနှင့် သွေးလန့်ခြင်းတို့တွင် စိုးရိမ်ရသည့်လက္ခဏာများမှာ သွေးယိုခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ကျဆင်းခြင်း၊ အနီကွက်များပေါ်ခြင်း၊ သွေးပေါင်ကျခြင်းတို့ ဖြစ်တက်ပြီး အထက်ပါ စိုးရိမ်လက္ခာတစ်ခုခု တွေ့ရှိပါက နီးစပ်ရာ ကျမ်းမာရေးဌာန/ ဆေးရုံ သို့ အမြန်ဆုံးလာရောက် ဆေးကုသမှုခံယူရန် ညွှန်ကြားထားသည်။
အလားတူ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအစီအစဥ်များ လုပ်ဆောင်ရာတွင် ပြည်သူလူထုအနေဖြင့်လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နှင်းရေးအဖွဲ့များကို ဝိုင်းဝန်းကူညီပေးကြရန်လည်း ထိုက်တွန်းထားသည်။
အထူးသတိပြုရန် အနေဖြင့် ခြင်းကိုက်မခံရအောင် နေထိုင်ကြရန်နှင့် ခြင်းကျားမပေါက်ဖွားအောင် ပိုးလောက်လန်းနှိမ်နှင်းရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန် ဖော်ပြထားသည်။

