သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ဒေသရှိ လူငယ်များအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် ပါမာကာချာ အဆင့်မြင့်သင်တန်း(ASAP) ခေါ်ယူနေ

AB News – ဧပြီ ၂၃၊ ၂၀၂၆

ရက္ခိုင်ဒေသ၏ ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Permaculture Institute Myanmar(PIM) မှ ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်စိုက်ပျိုးရေးသင်တန်း(ASAP) အပတ်စဉ် (၁) ကို မကြာခင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသည် လူငယ်များအတွက် အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးအတတ်ပညာများဖြင့် မိမိကိုယ်ကိုယ် ရေရှည်ရပ်တည်နိုင်စေရန်နှင့် ဒေသတွင်း ဦးဆောင်နိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

သင်တန်းကာလမှာ (ဇွန်လ ၂၀၂၆ မှ မတ်လ ၂၀၂၇ အထိ) ၁၀ လ ကြာမြင့်မည်ဖြစ်ပြီး စာတွေ့ (Semester) နှင့် လက်တွေ့ (Field Practical) အပိုင်းများကို စနစ်တကျ ခွဲခြားသင်ကြားပေးမည်ဖြစ်သည်။

သင်တန်းသားများအနေဖြင့် သင်တန်းကြေး ပေးဆောင်ရန်မလိုသည့်အပြင် လစဉ် ထောက်ပံ့ကြေး ၂၀၀,၀၀၀ ကျပ် ခံစားခွင့်ရှိမည်ဖြစ်ပြီး သင်ကြားမှုအတွက် လိုအပ်သော စာအုပ်၊ ခဲတံနှင့် ဝတ်စုံများအပြင် နေထိုင်စရိတ်များကိုပါ အခမဲ့ စီစဉ်ပေးသွားမည်ဖြစ်သည်။

PIM ၏ program director ဖြစ်သူ ကိုခိုင်လင်းက “သင်တန်းရဲ့ အဓိကရည်ရွယ်ချက်က လူငယ်တွေ ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင်နဲ့ ရက္ခိုင်ဒေသ စိုက်ပျိုးစီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ လူငယ်တွေ မွေထုတ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးကို စိတ်ဝင်စားပြီး တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက် လိုပြီးတော့ သင်တန်းပြီးဆုံးပြီး မိမိဒေသမှာလည်း စားနပ်ရိက္ခာဖုံလုံမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်ဖို့ စိတ်အားထက်သန်တဲ့သူတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု AB News သို့ ဆိုသည်။

အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်းရှိ (၁၀) တန်း (သို့မဟုတ်) (၁၁) တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။ လူမှုရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လိုစိတ်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်လိုသည့် ရက္ခိုင်ပြည်အတွင်းရှိ လူငယ်များအတွက် ဦးစားပေး ခေါ်ယူနေခြင်းဖြစ်သည်။

“အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်ကြဖို့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေး အလေ့အကျင့်တွေကို လိုက်နာကျင့်သုံးပြီးတော့ ဒေသ စိုက်ပျိုးရေးတိုးတက်မှုကို ဖော်ဆောင်နိုင်တဲ့ လူငယ်တွေ၊ စိုက်ပျိုးစီးပွားရေး ဆိုင်ရာ စွန့်ဦးတီထွင်နိုင်တဲ့ လူငယ်တွေဖြစ်လာကြဖို့ မျှော်မှန်းထားပါတယ်။ ‌အထောက်အပံ့လိုအပ်တဲ့ လူငယ်တွေကို သင်တင့်တဲ့အထောက်အပံ့ ဆက်လက်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အလှုရှင်တွေ ချိတ်ဆက်ဖို့၊ ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီတွေ နဲ့ ဒေသ တာဝန်ရှိဌာန၊ ပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက် သွားဖို့ရှိပါတယ်” ဟု ကိုခိုင်လင်းက ဆက်လက်ပြောကြားခဲ့သည်။

‌စိတ်ပါဝင်စားသူများအနေဖြင့် Online Google Form မှတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်သကဲ့သို့ လိုအပ်သည့် အချက်အလက်များကို pim.contact26@gmail.com သို့မဟုတ် Permaculture Institute Myanmar(PIM) ၏ Facebook လူမှုစာမျက်နှာမှတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ