သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လယ်ယာမြေ မီးရှို့ခြင်းက မြေဆီလွှာကို ” သေ ” စေသလား

AB News – ဧပြီ  ၂၃၊ ၂၀၂၆

“လယ်သမားတွေအတွက် ပိုးသတ်ဆေးနဲ့ မြေဩဇာမပါရင် စပါးစိုက်လို့မရတာဟာ လူတွေ ဟင်းချိုမှုန့်မပါရင် ထမင်းစားလို့မရတော့တာနဲ့ တူနေပါပြီ” ဟု တောင်သူ ဦးမောင်လှဖြူက လက်ရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်အတွင်း ဓာတုပစ္စည်းများနှင့် ရိုးရာအလေ့အထများအပေါ် အလွန်အကျွံမှီခိုနေရမှုကို ခိုင်းနှိုင်း ပြောဆိုထားသည်။

ယခုကဲ့သို့ စိုက်ပျိုးစရိတ်နှင့် နည်းပညာအခက်အခဲများကြောင့် လယ်ယာမြေများကို မီးရှို့ရှင်းလင်းနေရခြင်းသည် ဒေသတွင်း အပူချိန်မြင့်မားလာခြင်း၊ သောက်သုံးရေကန်များ ညစ်ညမ်းခြင်းနှင့် လူထုကျန်းမာရေး ထိခိုက်မှုများအတွက် အဓိက အကြောင်းရင်းတစ်ခု ဖြစ်လာနေသည်။

လယ်ကွင်းမီးရှို့ခြင်း၏ ဆိုးကျိုးများနှင့် ပတ်သက်၍ တောင်သူ ဦးမောင်လှဖြူနှင့် ဆက်လက် မေးမြန်းထားသည်များကို တက်ဆက်ပေးလိုက်သည်။

အပိုင်း ( ၂ )

တောင်သူ ဦးမောင်လှဖြူ နှင့် မေးမြန်းချက်

မေး။  မီးရှို့တဲ့ ရာသီမှာ ဒေသတွင်း လေထုညစ်ညမ်းမှုနဲ့ လယ်မြေ ပျက်စီးမှုအနေအထားကို ပြောပြပေးပါ။

ဖြေ ။ ။လယ်ကွင်းတွေ မီးရှို့တာက မကောင်းဘူး။ ဆိုးကျိုးတွေ များတယ်။ သို့သော်လည်း တောင်သူလယ်သမားတွေရဲ့ အတိုင်းအတာရဆိုရင် ကောက်ရိုးပြတ်တွေရှိနေတဲ့အတွက်  မိုးရာသီ လယ်ထွန်ယက်တဲ့အခါ အခက်အခဲရှိလို့ မီးရှို့ရတာတွေရှိတယ်။ သဘာဝအနေနဲ့ကြည့်မယ်ဆိုရင် မီးရှို့ရင် ဖန်လုံဓာတ်ငွေ့တွေ၊ အပူချိန်တိုးလာတာတွေရှိပါတယ်။ အရင်ကထက်စာရင် ရှို့မီးတွေကြောင့် မြေတွေပျက်စီးလာတဲ့အတွက် လယ်ကွင်း သဘာဝအတိုင်းနေထိုင်တဲ့ ဖား၊ ငါးစတဲ့ သတ္တဝါတွေ မရှိတော့ပါဘူး။ နှစ်တိုင်းမီးရှို့တဲ့အတွက် လယ်ယာမြေပျက်စီးတာတွေကို ကြုံတွေ့နေရပါတယ်။

မေး ။ ။ဒီလိုမျိုး မီးရှို့တာတွေကြောင့် ဒေသတွင်း အပူချိန် ပုံမှန်ထက် ပြင်းလာတာကို ခံစားရပါသလား။

ဖြေ။ ။ မီးရှို့တာတွေကြောင့် ဒေသတွင်းအပူချိန်ပိုပြင်းလာတယ်လို့ ခံစားမိပါတယ်။ အပူပြင်းတဲ့ ရာသီ ဖြစ်တဲ့အပြင် လယ်ကွင်း မီးရှို့တာက  ထွက်တဲ့ မီးခိုးငွေ့တွေကိုရှုရတာ ဆေးရုံ၊ ဆေးခန်းမှာရှိတဲ့ လူနာတွေအတွက် အခက်အခဲဖြစ်ရပါတယ်။

​​မေး ။ ။ လယ် မီးရှို့ခြင်းဟာ ဒေသတွင်းမှာရှိတဲ့ သောက်သုံးရေ နဲ့ ရေမြေ အခြေအနေအပေါ် သက်ရောက်မှုရှိတယ်လို့ ယူဆသလား။

ဖြေ။ ။ တောမီးရှို့တာကြောင့် ရေကန်တွေ ညစ်ညမ်းလာပါတယ်။ မီးရှို့လို့ ထွက်လာတဲ့ အခိုးအငွေ့တွေကနေ ပြာမှုန်ပြာစတွေက ကန်တွေထဲကို ကျတာကြောင့် မသန့်ရှင်းတဲ့ ရေတွေဖြစ်လာတယ်။ အဲဒီရေတွေကို သောက်သုံးလို့ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော့ဖြစ်တာမျိုးတွေလည်း ရှိတတ်တယ်။

မေး။ ။ လမ်းနဲ့ မလွတ်ကင်းတဲ့ နေရာတွေမှာ လယ်ကွင်းတွေကို မီးရှို့ရင် လမ်းသွားလမ်းလာလုပ်နေတဲ့ လူတွေအတွက် ဆိုးကျိုးတွေရှိနိုင်လား။

ဖြေ။ ။လူသွားလူလာများတဲ့ လမ်းဘေးတွေက လယ်ကွင်းတွေကို မီးရှို့တဲ့အခါ အဲ့လမ်းမှာသွားလာနေတဲ့ ကား၊ ဆိုင်ကယ်၊ သုံးဘီးတွေအတွက် အန္တရာယ်ရှိတာကို တွေ့ရတယ်။ အဲ့ဒီ မီးခိုးငွေ့တွေ နှာခေါင်းထဲဝင်လာတဲ့အခါ အသက်ရှုရတာ အခက်အခဲဖြစ်ပြီး အက်ဆီးဒင်းဖြစ်ဖို့ လွယ်ပါတယ်။

မေး ။ ။ ဒီပြဿနာကို ရေရှည်ဖြေရှင်းဖို့အတွက် အစိုးရနဲ့တောင်သူကြားမှာ ဘယ်လို ညှိနှိုင်းမှုမျိုး လိုအပ်တယ်လို့မြင်ပါသလဲ။

ဖြေ ။ ။ လယ်သမားတွေအတွက် ပိုးသတ်ဆေး၊ မြေဩဇာမပါရင် စပါးစိုက်လို့မရတာဟာ လူတွဟင်းချိုမှုန့်မပါရင် စားလို့မရတော့တာနဲ့ တူနေပါတယ်။ မီးရှို့တာနဲ့ပတ်သတ်လို့ တောတောင်မီးရှို့ခြင်း၊ လယ်ကွင်း မီးရှို့ခြင်းတွေကို ဟန့်တားနိုင်ဖို့ အုပ်ချုပ်သူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မူဝါဒ တစ်ခုချပေးပြီး အထက်ဗဟိုအဆင့်ကနေ ကျေးရွာအဆင့်အထိ အသိပညာပေးတာတွေ လုပ်မယ်ဆို ရင် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူကနေတဆင့် မီးရှို့တဲ့ ကိစ္စတွေကို အသိပညာပေးတာတွေကို အဖွဲ့အစည်းတွေနဲ့လာပြီး အသိပညာပေးဖို့လိုပါတယ်။

မတားဆီးခဲ့ရင် ဘာတွေဖြစ်ဘာမလဲဆိုတော့
လယ်ကွင်း မီးရှို့တာတွေဟာ မသိမသာနဲ့ တဖြည်းဖြည်းနဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ မီးရှို့ရင် ဆိုးကျိုးတွေရှိနိုင်တာကို တောင်သူလယ်သမားတွေ သိပြီးသား ဖြစ်ပေမယ့် လုပ်နေတာဟာ အုပ်ချုပ်သူ လူတန်းစားတစ်ခုက အသိပညာပေးနဲ့ သက်သာဖို့ နည်းလမ်းတစ်ခု မလုပ်ပေးခဲ့ရင် လျော့ပါးလာမှာ မဟုတ်ပါဘူး ” ဟုဆိုသည်။

တောင်သူ  ဦးအေးထွန်းသာ နှင့် မေးမြန်းချက်

​မေး ။ ။ လယ်ကွင်းတွေကို နှစ်စဉ်နှစ်တိုင်း ဘာကြောင့် မီးရှို့တာပါလဲ။

ဖြေ ။ ။လယ်ထွန်ဖို့ ကောင်းအောင်အတွက် လယ်ကွင်းကို မီးရှို့ရတာဖြစ်ပါတယ်။ မြေကျက်တယ်သဘောမျိုးနဲ့ပေါ့။ လယ်ကွင်း မီးရှို့လာတာ ကျွန်တော်တို့ ဘိုး​ဘေး၊ ဘီဘင် လက်ထက်ကတည်းက မီးရှို့လာတာပါ။

​မေး ​။ ။ တစ်နှစ်မှာ ဘယ်နှစ်ကြိမ်လောက် မီးရှို့ဖြစ်ပါသလဲ။

​ဖြေ ။ ။ တစ်နှစ်မှာ တစ်ကြိမ်လောက် မီးရှို့ဖြစ်ပါတယ်။ ဒီနွေရာသီရောက်တိုင်း တပေါင်း၊တန်ခူးလလောက်ဆိုရင် မီးရှို့တယ်။ ကောက်ရိုးပြတ်တွေ ခြောက်ခန်းပြီးမှ မီးရှို့တာ ပိုလို့ကောင်းတယ်။

​မေး ။ ။ ဒီလိုမျိုးလယ်ကွင်းတွေကို မီးရှို့တဲ့အတွက် ဘယ်အကျိုးကျေးဇူးတွေ ရရှိပါသလဲ။

​​ဖြေ ။ ။ အကျိုးကျေးဇူးက ထွန်လို့ကောင်းတယ်။အမှိုက်သရိုက်တွေလည်း မရှိတော့ဘူး။ စက်နဲ့ထွန်မယ်ဆိုရင်လည်း အဆင်ပြေသလို နွားတွေ၊ကျွဲတွေနဲ့ ထွန်ရင်လည်း အဆင်ပြေတယ်။ ကောက်ရိုး​ပြတ်တွေရှိရင် စက်တွေမှာ ညှပ်ပါသွားတာမျိုးတွေရှိပြီး ထွန်ရတာလည်း မကောင်းဘူး။

​မေး ။ ။ လယ်ကွင်းတွေကို မီးမရှို့ပဲ စက်နဲ့ထွန်မယ်ဆိုရင် ဘယ်လို အခက်အခဲတွေရှိလာနိုင်သလဲ။

ဖြေ။ ။ မီးမရှို့ပဲ စက်နဲ့ထွန်မယ်ဆိုရင်တော့ စက်အငယ် တွေနဲ့ ထွန်လို့မရဘူး။ စက်ကြီးတွေနဲ့ ထွန်မှ အဆင်ပြေတယ်။ စက်အငယ်တွေနဲ့ လေးခေါက်ထွန်ရင်တောင်  နှစ်သိန်းသုံးသောင်း၊ နှစ်သိန်းခွဲလောက်ပေးရတယ်။ စက်သုံးဆီစျေးတက်ရင် တက်သလောက် ပေးရတယ်။

မေး ။ ။ တောတောင်တွေကို မီးရှို့တဲ့အခါ တောမီးမကူးစက်ရအောင် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ပါသလဲ။

ဖြေ ။ ။ မီးရှို့တဲ့အခါ တောမီးမကူးစက်ရအောင် တောတွေကို အခြေအနေရ ဒေသလိုက်ကြည့်ပြီး  နေဝင်တဲ့အချိန်ဖြစ်ဖြစ်၊ လေမထန်တဲ့ အချိန်ချိန် ဖြစ်ဖြစ်မီး ရှို့ပါတယ်။ တစ်ခါတစ်လေ လေထန်လာရင် အခက်အခဲတွေ ရှိပါတယ်။

မေး ။ ။ လယ်ကွင်းတွေ မီးရှို့တဲ့အခါ ထွက်လာတဲ့ မီးခိုငွေ့တွေကြောင့် ပြည်သူတွေ တွေအတွက် ဆိုးကျိုးတွေက ရှိနိုင်ပါသလား။

ဖြေ ။ ။ဆိုးကျိုးပေးတယ်လို့ပဲ ထင်တယ်။ လူတွေ နှာခေါင်းထဲကို ဖုန်တေမှုန့်တွေ ဝင်တယ်။ လေတိုက်ပြီး  ဖုန်မှုန့်တွေ လွှင့်ပါသွားတာမျိုးတွေ ရှိတယ်။ လူတွေအတွက် အန္တရာယ်ဖြစ်စေတယ်။ကျန်းမာရေးတွေတော့ ထိခိုက်တယ်။ တပေါင်း၊တန်ခူးလမှာ မီးရှို့နေတုန်း လယ်ကွင်းသွားရင် တစ်ခါတည်း နှာခေါင်းထဲ ဖုန်မှုန့် ဝင်သွားရင် ချောင်းဆိုးတာတွေနဲ့ နှာချေတာမျိုးတွေ ရှိတယ်။

မေး။ ။တကယ်လို့ အပင်တွေရှင်းဖို့ စရိတ်သက်သာတဲ့ တခြားနည်းလမ်းတွေရှိရင် ဒီမီးရှို့တဲ့အလုပ်ကို ရပ်တန့်မှာလား။

ဖြေ ။ ။ မီးရှို့တာကတော့ အလုပ်မဟုတ်ပါ။ ခဏလေးနဲ့ ရှို့ပစ်လို့ရတယ်။  အဓိကတော့ ဦးလေးပြောသလိုမျိုး မြေဆီလွှာတွေကောင်းလာစေချင်ရင် လေးလပိုင်း၊ ငါးလပိုင်းလောက်မှာ စက်ကိရိယာတွေနဲ့ ထွန်နိုင်တာကတော့ ပိုလို့ကောင်းပြီး မြေဆွေးဖြစ်သွားတယ်လေ ။ အဲလိုမျိုး ဖြစ်သွားတော့ ကောင်းတာပေါ့။

မေး။ ။ဒီလိုမျိုး လယ်ကွင်းတွေကို မီးရှို့တဲ့အတွက် ရာသီဥတု အခြေအနေက အပူရှိန်ပိုပြင်းလာတာမျိုးတွေ ရှိသလား။

ဖြေ။ ။ အပူရှိန်ပြင်းလာပြီး ဆိုးကျိုးတော့ရှိပါတယ်။ ကျန်းမာရေးအရသော်၎င်း အပင်တွေကိုခုတ်သော်၎င်း ဆိုးကျိုးတွေရှိပါတယ်။ အပင်တွေကို ထင်းအဖြစ်နဲ့ ခုတ်သွားတာတွေရှိပါတယ်။ လူကို အောက်ဆီဂျင်တွေနဲ့ သဘာဝပေးနိုင်တဲ့ အပင်တွေလည်းရှိတယ်။

လယ်ယာမြေ မီးရှို့ခြင်းသည် တောင်သူများအတွက် ရေတိုတွင် ကုန်ကျစရိတ်နှင့် လုပ်အား သက်သာစေသည့် နည်းလမ်းတစ်ခု ဖြစ်နေသော်လည်း၊ ရေရှည်တွင်မူ မိမိတို့၏ အဖိုးတန်လှသော လယ်ယာမြေများကို ‘အာဟာရမဲ့ မြေသေ’ ဘဝသို့ တွန်းပို့နေခြင်းပင် ဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုး အနေဖြင့် နည်းပညာနှင့် မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်နေသကဲ့သို့၊ တောင်သူများဘက်မှလည်း ရိုးရာအစဉ်အလာထက် သိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်များကို ပိုမိုပူးပေါင်း လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။

သို့မှသာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ