
AB News – အောက်တိုဘာ ၃၊ ၂၀၂၆
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနက အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်လွှင့်ဖွင့်လှစ်ခဲ့သည့် (၄) ကြိမ်မြောက် အာရက္ခလောင်ပေါ်၏ ပထမဆုကြီး ကျပ်သိန်း ၁၀၀၀ ကို ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်စု ကံထူးသွားကြောင်း သိရသည်။
အဆိုပါ ပထမဆုံး ကျပ်သိန်း ၁၀၀၀ ဆုကြီးကို ထီလက်မှတ်နံပါတ် 383328 ဖြင့် ပုဏ္ဏားကျွန်းမြို့တွင် စစ်ဘေးရှောင်စခန်း၌ နေထိုင်သည့် ကိုကျော်ဌေးနှင့် ဇနီး မခိုင်ထက်မြတ်တို့ မိသားစုမှ ကံထူးခဲ့ခြင်း ဖြစ်သည်။
“ရည်မှန်းချက် ကြီးကြီးမားမားထားပြီး ထိုးခဲ့တာတော့ မဟုတ်ပါဘူး။ အာရက္ခလောင်ပေါ် စဖွင့်တဲ့လကတည်းက အမြဲတမ်း အားပေးလာတာပါ။ ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ အကူအညီဖြစ်အောင် အားပေးချင်တဲ့စိတ်လည်း ပါပါတယ်။ အခုလို သိန်းတစ်ထောင်ဆုကြီး ပေါက်သွားလို့လည်း အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်” ဟု ကံထူးရှင် မခိုင်ထက်မြတ်က AB News သို့ ပြောကြားသည်။
ထို့အပြင် ၎င်းတို့ မိသားစုသည်လည်း စစ်ဘေးရှောင်မိသားစုဖြစ်သည့်အတွက် လက်ရှိတွင် ဒုက္ခရောက်နေကြသူများနှင့် မရှိဆင်းရဲသားများကို ပြန်လည်ခွဲဝေ လှူဒါန်းသွားမည်ဟု ဆက်လက်ပြောသည်။
“အခု သိန်းတစ်ထောင်ဆုကတော့ မိသားစုအတွက် ပထမဆုံး ကံထူးတာလည်း ဖြစ်ပါတယ်။ အရင်တုန်းကလည်း တတ်နိုင်သလောက် အလှူတွေ လုပ်ဖူးပေမယ့် အခုဆိုရင် အရင်ကထက် အလှူတွေ အများကြီး လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ မရှိဆင်းရဲသားတွေနဲ့ အခုလက်ရှိ ဒုက္ခရောက်နေကြတဲ့သူတွေကို ကူညီပေးသွားမှာပါ” ဟု သူမက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် (၂) ကြိမ်မြောက် အာရက္ခလောင်ပေါ်၏ ပထမဆုကြီး ကျပ်သိန်း ၇၅၀ (ထီလက်မှတ်နံပါတ် 303243) ကိုလည်း စစ်တွေမြို့မှ မြောက်ဦးမြို့သို့ စစ်ဘေးရှောင်လာသည့် ကိုဇော်မြင့်ထွန်းက ကံထူးခဲ့သည်။