
AB News – အောက်တိုဘာ ၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို စစ်ကော်မရှင်တပ်က ယနေ့ အောက်တိုဘာ ၃ ရက် နံနက်အစောပိုင်းတွင် Y-12 လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး အပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ နံနက် ၁ နာရီမှ ၁ နာရီခွဲအတွင်း ရသေ့တောင်မြို့ပေါ်သို့ ဗုံး ၆ လုံး၊ ပြားချောင်းကြီးကျေးရွာသို့ ဗုံး ၁ လုံး နှင့် ပြင်ခေါင်ကျေးရွာသို့ ဗုံး ၂ လုံး စုစုပေါင်း ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ တောင်ရင်းတန်းရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် (၉) တန်းကျောင်းသူ မိုးမိုးနွယ်နှင့် ပြားချောင်းကြီးကျေးရွာမှ အသက် ၇၀ အရွယ် ဦးအောင်ကျော်သာ သေဆုံးခဲ့သည်။
စစ်ကော်မရှင်တပ်သည် ရသေ့တောင်မြို့ စိုက်ပျိုးရေးရုံးအနီ၊ တောင်ရင်းတန်း၊ အရှေ့တောင်ရပ်ကွက်များနှင့် ကမ်းနားလမ်းတစ်လျှောက်တွင်လည်း ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့်အပြင် ကမ်းနားလမ်းတွင် ဆိတ်တစ်ကောင် သေဆုံးပြီး လှေတစ်စင်းလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ဒဏ်ရာရရှိသွားသူများမှာ အသက် ၁၃ နှစ်အရွယ် မျိုးမြတ်ခိုင်၊ အသက် ၃၂ နှစ်အရွယ် မျိုးဝေလင်း တို့အပါအဝင် မြို့ပေါ်နေ အရပ်သားများ ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ပြင်ခေါင်ကျေးရွာရှိ စာသင်ကျောင်းနောက်ဘက်နှင့် ရွာအပြင်ဘက်တို့၌ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင်လည်း ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၄ လုံး ထပ်မံကြဲချခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ခင်မှုံယာဆွေ၊ အသက် ၄၅ နှစ်အရွယ် ဖြူသီး နှင့် အသက် ၄၅ နှစ်အရွယ် သိန်းလှ တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်တစ်ဆောင် ပျက်စီးသွားခဲ့သည်။
လက်ရှိတွင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိခဲ့ကြသည့် အရပ်သား ၁၂ ဦးအား ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂ ရက် ညဉ့်သန်းခေါင်ယံ ၁၂ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာရှိ ကိုပိန်ကားဝပ်ရှော့ကို ဗုံးကြဲခဲ့ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ကားများနှင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင်လည်း ကျောက်တော်မြို့နယ်ရှိ သစ်တစ်ပုံဆည်နှင့် သကြားစက်ကျေးရွာအနီးကို ဂျက်တိုက်လေယာဉ် ၇ စီးနှင့် Y-12 လေယာဉ်တို့ဖြင့် ဗုံးအလုံးရေ ၄၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ သကြားစက်ကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရရှိခဲ့သည့်အပြင် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးခဲ့သည်။
ထို့အပြင် ယင်းနေ့ နေ့လယ် ၁ နာရီ ၅၂ မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက် ဗောဓိကုန်းဈေးအနီးကို ဗုံးကြဲခဲ့ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။