သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရတွင် အခမဲ့ English Speaking နှင့် ကွန်ပျူတာသင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသား ခေါ်ယူနေ

AB News – စက်တင်ဘာ ၂၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့နယ်အတွင်း ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ ပညာရေးကွန်ရက်အဖွဲ့က ဖွင့်လှစ်သည့် English Speaking နှင့် ကွန်ပျူတာ အခမဲ့သင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသား လျှောက်လွှာများကို ကျောင်းအုပ်နှင့် နာယကဖြစ်သူ ပစ်တိုင်းထောင်ဆရာတော်ထံမှ ထုတ်ယူ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ ပညာရေးကွန်ရက်အဖွဲ့မှ ကျောင်းအုပ်နဲ့ နာယက ဖြစ်သူ ပစ်တိုင်းထောင်ဆရာတော်က “အခုလို ရက္ခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်က English & Computer သင်တန်းကို ဖွင့်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မျိုးဆက်သစ် ပညာတတ်တွေမှာ အင်္ဂလိပ်စာပေ၊ စကား ကျွမ်းကျင်မှု အားနည်းတာ၊ ကွန်ပျူတာ ဘာသာရပ်ကို အသင်နည်းတာတွေကို တွေ့လာရတဲ့အတွက်ကြောင့် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ ဘာသာရပ်တွေကို အလွယ်တကူ သင်ယူနိုင်အောင်အတွက် ဖွင့်လှစ်တာပါ” ဟု AB News သို့ ပြောသည်။

၎င်းက ဆက်လက်၍ “နောက်တစ်ခုက မျိုးဆက်သစ် အာရက္ခလူမျိုးတွေဟာ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကို လူတိုင်းနီးပါး တတ်မြောက်ပြီး ခေတ်မီတဲ့ အာရက္ခနိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ အလုပ်တွေ အများကြီး လုပ်ဆောင်နိုင်အောင်အတွက်လည်း ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ သင်တန်းသား လျှောက်လွှာများကို ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့မှ အောက်တိုဘာ ၂၆ ရက်နေ့အထိ ထုတ်ယူ လျှောက်ထားနိုင်ပြီး သင်တန်းသား အရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံသွားမည်ဖြစ်သည်။

ထို့ပြင် သင်တန်းကို အလဟဿ မဖြစ်စေရန်နှင့် သင်တန်းသားများအနေဖြင့် အလေးထား တက်ရောက်နိုင်စေရေးအတွက် လျှောက်လွှာကြေးအဖြစ် English Speaking သင်တန်းအတွက် ကျပ် ၂ သောင်း၊ ကွန်ပျူတာသင်တန်းအတွက် ကျပ် ၅ သောင်းစီ သတ်မှတ်ထားပြီး သင်တန်း လစဉ်ကြေး ပေးရန် မလိုကြောင်း ကျောင်းအုပ်နှင့် နာယကဖြစ်သူ ပစ်တိုင်းထောင်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ သင်တန်းများသို့ တက်ရောက်ရန် ပညာအရည်အချင်း သတ်မှတ်ထားခြင်း မရှိဘဲ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် တက်ရောက်နိုင်ကြောင်း သိရသည်။

လျှောက်လွှာလာရောက် တင်သွင်းသည့်နေ့တွင် မိဘအုပ်ထိန်းသူများ ပါရှိရမည်ဖြစ်ပြီး နယ်ဝေးမှ လာရောက်တက်ရောက်လိုသည့် ကျောင်းသား/ကျောင်းသူများအတွက် တည်းခိုနေထိုင်ရေး နေရာ စီစဉ်ပေးမည်ဖြစ်ကာ စားသောက်စရိတ်ကိုမူ မိမိဘာသာ စီစဉ်ရမည်ဖြစ်ကြောင်း သိရသည်။

ပုံ – ပေးပို့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ