
AB News – ဇူလိုင် ၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်တွင် လေဆင်နှာမောင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့မှုကြောင့် နေအိမ် ၄၅ ဆောင်ခန့် ပျက်စီးသွားခဲ့ရကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
ယမန်နေ့ ဇူလိုင် ၅ ရက်၊နေ့ ညနေ ၆ နာရီခန့်အချိန်တွင် သံတွဲမြို့နယ်၊ ပိန်းတောကြီးရွာ၌ လေဆင်နှာမောင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မနေ့က ညနေပိုင်းအချိန်မှာ ရုတ်တရက်ကြီး လေပြင်းတွေ ဝှေ့တိုက်လာပြီး လေဆင်နှာမောင်းကြီး ကျလာတာ။ ခဏလေးအတွင်းမှာတင် အိမ်ခေါင်မိုးတွေ လွင့်ကုန်ပြီး တချို့အိမ်တွေဆို ပြိုသွားတာတွေ ရှိတယ်။ ကြောက်ဖို့ အရမ်းကောင်းပါတယ်။ အခု လောလောဆယ်တော့ အိမ်တွေအကုန်လုံး ပျက်စီးသွားလို့ လူဦးရေ ၂၀၀ ကျော်လောက် နေစရာ၊ စားစရာမရှိ ဖြစ်နေပါတယ်” ဟု ပိန်းတောကြီးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိန်းတောကြီးရွာမှ လူနေအိမ် ၄၅ ဆောင်ခန့် လုံးဝပျက်စီးသွားခဲ့ပြီး လူဦးရေ ၂၀၀ ကျော်ခန့်မှာလည်း နေထိုင်ရန် အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ရက္ခိုင်ပြည်မြောက်ပိုင်းဒေသများတွင် မိုးအလွန်ကြီးပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားနေကြောင်းလည်း မိုးလေဝသခန့်မှန်းချက် များအရ သိရှိရသည်။
သို့ဖြစ်ပါ၍ ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူများအနေဖြင့် လာမည့် ၄၈ နာရီမှ ၁၆၈ နာရီ (တစ်ပတ်ခန့်ကာလ) အတွင်း မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင် သတိထားကြပါရန်လည်း နှိုးဆော်ထားပါသည်။
(ဓာတ်ပုံ – ပေးပို့)