သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေ၍ ရက္ခိုင်တွင် မိုးကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးန္တရာယ်ကို အထူးသတိပြုရန် လိုအပ်



AB News – ​ဇူလိုင် ၅၊ ၂၀၂၆

​ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့် အားကောင်းသော မုတ်သုံလေအရှိန်ကြောင့် ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ရက္ခိုင်ပြည်မြောက်ပိုင်းဒေသများတွင် မိုးအလွန်ကြီးပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားနေကြောင်း မိုးလေဝသခန့်မှန်းချက် အချက်အလက်များအရ သိရသည်။

​အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ယနေ့ ဇူလိုင်လ ၅ ရက် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ ဩဒိဿ (Odisha) မြောက်ပိုင်းကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အိန္ဒိယနိုင်ငံ ဘာလာဆိုးရ် (Balasore) မြို့၏ တောင်-တောင်အရှေ့ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဗဟိုချက်အနီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ မိုင် ၄၀ အထိ ရှိနေသည်။

၎င်းမုန်တိုင်းငယ်သည် လာမည့် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဩဒိဿမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

​မုန်တိုင်းငယ်သည် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်နေသော်လည်း ၎င်း၏အရှိန်ကြောင့် ရက္ခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာနိုင်ငံအပေါ်သို့ အနောက်တောင်မုတ်သုံလေ အလွန်အားကောင်းစွာ ဆက်လက်စီးဝင် တိုက်ခတ်နေသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှ အစိုဓာတ်ပမာဏမြင့်မားသော တိမ်တိုက်ကြီးများသည် ရက္ခိုင်ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဝင်ရောက်နေသည်။

​Meteoblue ICON-Model ၏ ရက်တို၊ ရက်လတ် မိုးရေချိန်ပြမြေပုံများ ဆန်းစစ်ချက်အရ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် မိုးရေချိန်ပြသသည့် အရောင်များ သိသိသာသာရင့်လာပြီး မိုးရေချိန်ပမာဏ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ရက္ခိုင်ပြည်မြောက်ပိုင်း ဒေသများဖြစ်ကြသည့် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ စသည့် မြို့နယ်များနှင့် ဒေသအနှံ့အပြားတွင် မြစ်ချောင်းများ ရေလျှံခြင်းနှင့် ကုန်းတွင်းပိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားလျက်ရှိသည်။

ရက္ခိုင်ရိုးမတောင်တန်းဒေသများနှင့် ချင်းပြည်နယ်တို့တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းပြီး မိုးရေချိန်စုစုပေါင်း များပြားလာနိုင်ခြင်းကြောင့် တောင်စောင်းမြေသားများ တည်ငြိမ်မှုပျက်ပြားကာ မြေပြိုခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပွားနိုင်သည့်အတွက် ကုန်းလမ်းခရီးသွားလာသူများ သတိပြုရန် လိုအပ်သည်။

မုတ်သုံလေ အရှိန်ပြင်းထန်မှုကြောင့် ရက္ခိုင်ကမ်းလွန်အပါအဝင် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေဝန်းကျင်အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် ရေကြောင်းသွားလာမှုလုပ်ငန်းများအနေဖြင့် အထူးသတိပြု ရှောင်ရှားသင့်သည်။

​​သို့ဖြစ်ပါ၍ ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူများနှင့် ကမ်းရိုးတန်းဒေသနေ လုပ်ငန်းရှင်များအနေဖြင့် လာမည့် ၄၈ နာရီမှ ၁၆၈ နာရီ (တစ်ပတ်ခန့်ကာလ) အတွင်း မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင် သတိထားကြပါရန် နှိုးဆော်ထားပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်