သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်မြောက်ဘက်တွင် မိုးရေချိန်မြင့်မားမှုကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်လာနိုင်

AB News – ဇွန် ၂၃၊ ၂၀၂၆

ရက္ခိုင်ပြည် မြောက်ဘက်ရှိ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် အနောက်တောင်မုတ်သုန်လေ ပြင်းထန်စွာဝင်ရောက်မှုကြောင့် မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီး၊ မြေပြိုမှုများဖြစ်လာနိုင်ကြောင်း ဇွန်လ ၂၂ ရက်နေ့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်များအရ သိရသည်။

လာမည့် ၁၆၈ နာရီ (၇ ရက်) အတွင်း မိုးရေချိန် ၅၀၀ mm မှ ၆၀၀ mm အထက်ရှိနိုင်ပြီး ကုန်းတွင်းပိုင်း အနိမ့်ပိုင်းများတွင် ရုတ်တရက် ရေကြီးရေလျှံမှုနှင့် ရက္ခိုင်ရိုးမတောင်ခြေ လမ်းပိုင်းများတွင်လည်း မြေပြိုမှုများ ဖြစ်လာနိုင်သည့်အတွက် အရေးပေါ်အဆင့် ကြိုတင်ပြင်ဆင်ရန်လိုအပ်နေခြင်းဖြစ်သည်။

နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အထက်ကောင်းကင်လေဝဲစနစ် (Upper Air Cyclonic Circulation) တစ်ခု တည်ရှိနေပြီး ၎င်းစနစ်ကြောင့် မိုးလွန်ကဲမှုဗဟိုချက် (Core Zone) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အနည်းငယ် ရွေ့လျားသွားသော်လည်း အရှိန်ပြင်းသော မုတ်သုံဆွဲအားကြောင့် ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွင် ရက်ရှည်မိုးလွန်ကဲမည့် အခြေအနေ ဆက်လက်တည်ရှိနေသည်။

ထို့အပြင် လာမည့် ၇၂ နာရီမှ ၁၆၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် မိုးသက်လေပြင်းများ ပြင်းထန်စွာကျရောက်ပြီး လှိုင်းလေအလွန်ထန်နိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် ရေကြောင်းသွားလာမှုများကို လုံးဝရှောင်ရှားကြရန်နှင့် ဒေသခံတောင်သူများအနေဖြင့်လည်း စိုက်ခင်းများ ရေမဝပ်စေရန် ရေနုတ်မြောင်းအစီအမံများ ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ