သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လမ်းခရီးပိတ်ဆို့မှုကြား ဒေသတွင်း မုန့်တီခြောက်လုပ်ငန်းများ ပြန်လည် ဦးမော့လာ

AB News – ဧပြီ ၂၁ ၊၂၀၂၆

ရက္ခိုင်ပြည်တွင် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရမှုကြောင့် ကုန်စည်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသော်လည်း ဒေသထွက်ဆန်ကို အခြေခံသည့် မုန့်တီခြောက်ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာကာ ဒေသခံများအတွက် အဓိကဝင်ငွေရလမ်းတစ်ခု ဖြစ်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ကုန်းလမ်းနှင့် ရေလမ်းများ ပိတ်ဆို့ခံထားရခြင်းကြောင့် ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်များ ပြတ်လပ်ကာ မုန့်တီခြောက်နှင့် ခေါက်ဆွဲခြောက်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ရသည်။

လက်ရှိတွင် အခက်အခဲများကြားမှ ဒေသတွင်း မုန့်တီခြောက်လုပ်ငန်းများ အဆင်ပြေစွယ ပြန်လည် လည်ပတ်လာခြင်းဖြစ်သည်။

မုန့်တီခြောက်လုပ်ငန်းများ ပြန်လည်ဦးမော့လာခြင်းသည် အလုပ်အကိုင်ရှားပါးနေသည့် ဒေသခံများအတွက် မိသားစုဝင်ငွေ အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

မုန့်တီခြောက် အထုပ်ငယ်များကို ကုန်အိတ်ကြီးတစ်အိတ်စာ အပြည့်ထုပ်ပိုးနိုင်ပါက လုပ်အားခ ၄,၀၀၀ ကျပ် ရရှိ​ပြီး အလုပ်သမားတစ်ဦးလျှင် တစ်လလျှင် ပျမ်းမျှဝင်ငွေ ၆ သိန်းကျပ် ဝန်းကျင်အထိ ရရှိနေကြသည်။

လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားတစ်ဦးက “အခုလို လမ်းတွေပိတ်ပြီး အလုပ်အကိုင် ရှားပါးနေတဲ့အချိန်မှာ ဒီမှာဝင်လုပ်ရတာက မိသားစုအတွက် အများကြီး အထောက်အကူပြုပါတယ်။ ကိုယ့်ဒေသကထွက်တဲ့ ဆန်နဲ့လုပ်တာဆိုတော့ အထွက်လည်းမှန်တယ်၊ ဝင်ငွေလည်း ပုံမှန်ရပါတယ်” ဟု AB News သို့ ပြောသည်။

မုန့်တီခြောက် ထုတ်လုပ်ရာတွင် ဒေသထွက်ဆန်ကို မုန့်နှစ်အဖြစ် ကြိတ်နှယ်ကာ မုန့်တီအမျှင်ညှစ်စက်များဖြင့် အဆင့်ဆင့် ထုတ်လုပ်ခြင်းဖြစ်သည်။

ထိုသို့ထုတ်လုပ်ရာတွင် အလုပ်သမားများက မုန့်တီအမျှင် အရွယ်အစားအလိုက် စနစ်တကျ လက်ဖြင့် ညှစ်ချပေးရပြီး ရရှိလာသည့် မုန့်တီဖတ်များကို ရိုးရာနည်းလမ်းအတိုင်း နေလှန်းအခြောက်ခံကာ ထုတ်ပိုးကြသည်။

ဈေးကွက်အတွင်း ဈေးနှုန်းနှင့် ရောင်းအားအခြေအနေမှာ မုန့်တီခြောက် ၁ ထုပ်လျှင် ၂,၀၀၀ ကျပ်ခန့်ရှိပြီး ပြည်ပသွင်းကုန်များထက် ဈေးနှုန်းသက်သာသည်။

အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာသဖြင့် မြို့နယ်အသီးသီးရှိ ဈေးကွက်များတွင် ဒေသခံများအကြား ဝယ်လိုအား မြင့်တက်လျက်ရှိသည်။

လက်ရှိတွင် လမ်းခရီးပိတ်ဆို့မှုများကြောင့် စီးပွားရေးကျပ်တည်းနေသော်လည်း ဒေသထွက်ကုန်ကြမ်းကို အခြေခံသည့် ယခုကဲ့သို့သော လုပ်ငန်းများက ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုနှင့် စီးပွားရေးလည်ပတ်မှုကို တစ်ဖက်တစ်လမ်းမှ အားဖြည့်ပေးနေကြောင်း သိရှိရပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ