
AB News – ဇူလိုင် ၂၄၊ ၂၀၂၆
ရက္ခိုင်တွင် ဇူလိုင်လအစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် လယ်ယာလုပ်ငန်းများ ထိခိုက်ခဲ့ပြီး လယ်သမားအချို့၏ စပါးပျိုးခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့ရကြောင်း သိရသည်။
လက်ရှိ စပါးစိုက်ပျိုးချိန် နောက်ကျလာနေသည့်အခြေအနေတွင် ပျက်စီးသွားသော လယ်ယာများ ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးအရေးပေါ်လိုအပ်လျက်ရှိနေသည်။
ရေကြီးမှုကြောင့် စပါးပျိုးခင်းများ ရက်အတော်ကြာ ရေနစ်မြုပ်ခဲ့ရပြီး ပျိုးပင်များ အများအပြား ပျက်စီးဆုံးရှုံးခဲ့သဖြင့် လယ်သမားများမှာ ပြန်လည်စိုက်ပျိုးရန် မျိုးစပါးရှာဖွေရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“ကျနော့်မှာ လယ် ၇ ဧက စိုက်ဖို့အတွက် ၄ ဧကစာလောက် မျိုးစပါးကြဲထားပါတယ်။ ပျိုးပင်တွေ ၇ ရက်၊ ၈ ရက်အရွယ်ရောက်တော့ ရေကြီးလာတာပါ။ ကျနော်တို့ရွာက မြေနိမ့်ပိုင်းဖြစ်တော့ ရေက အချိန်ကြာကြာမခမ်းဘူး။ ပျိုးပင်တွေ ၄ ရက်ကျော်လောက် ရေနစ်နေတော့ အားလုံးနီးပါး ပျက်စီးသွားပါတယ်။ အခုက လယ်ချိန်ကျနေပြီဆိုတော့ ဒီရက်ပိုင်းအတွင်း မစိုက်နိုင်ရင် အချိန်မမီတော့မှာ စိုးရိမ်ရပါတယ်” ဟု မြောက်ဦးမြို့နယ် ဒုံဘွေကျေးရွာမှ ဦးအောင်သာထွန်းက AB News သို့ ပြောသည်။
လက်ရှိတွင် မျိုးစပါးဈေးနှုန်းများလည်း မြင့်တက်လာပြီး ယခင်က မျိုးစပါးတစ်တင်းလျှင် ကျပ် ၈,၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း ယခုအခါ ကျပ် ၁၀,၀၀၀ ခန့်အထိ မြင့်တက်လာကြောင်း လယ်သမားများက ဆိုသည်။ သို့သော် ဈေးနှုန်းထက် မျိုးစပါးရရှိနိုင်မှုမှာ ပိုမိုခက်ခဲလာနေကြောင်း သိရသည်။
“ရေမကြီးခင်က ပေါ်ဆန်းမွှေးမျိုးစပါး တစ်တင်းကို ၈,၀၀၀ ကျပ်လောက်ပဲပေးရတယ်။ အခု ၁၀,၀၀၀ ကျပ်လောက် ဖြစ်သွားပါတယ်။ ဈေးတက်တာထက် အဓိကက ဝယ်လို့ရဖို့ ခက်နေတာပါ။ ကျနော်တို့ဘက်က မြေနိမ့်ပိုင်းဖြစ်လို့ အနီးအနားရွာတွေမှာလည်း လယ်တွေ ပျက်စီးထားကြပါတယ်။ ဝယ်သူများလာတော့ မျိုးစပါးရှားလာပါတယ်” ဟု ဒုံဘွေကျေးရွာမှ ဦးစောဖြူမောင်က ပြောသည်။
ထို့အပြင် ရရှိသည့် မျိုးစပါးအချို့မှာ အရည်အသွေးမပြည့်မီဘဲ အပင်ပေါက်နှုန်းနည်းပါးမှုများရှိနေသဖြင့် လယ်သမားများအနေဖြင့် ထပ်မံဝယ်ယူရသည့် အခြေအနေများလည်း ကြုံတွေ့နေရကြောင်း သိရသည်။
“မျိုးစပါးလိုက်ဝယ်တဲ့အခါ တစ်တင်းဝယ်ရင် တစ်ဝက်လောက်ပဲ ပေါက်တာတွေ ရှိပါတယ်။ မျိုးစပါးဆိုတာ သေချာလှန်းပြီး သိုလှောင်ထားရတာပါ။ အခုရရှိနေတဲ့ဟာတွေက မျိုးစပါးအဖြစ် သီးသန့်ထားတာ မဟုတ်တဲ့အတွက် အခက်အခဲတွေရှိပါတယ်။ ဒီလိုပဲ ဆက်ပြီးရှာနေရမယ်ဆိုရင် စိုက်ပျိုးချိန်နောက်ကျပြီး ဒီနှစ်လယ်တချို့ကို ချန်ထားရနိုင်ပါတယ်” ဟု လယ်သမားတစ်ဦးက AB News သို့ ပြောသည်။
ရေဘေးကြောင့် လယ်ယာများ ထိခိုက်ပျက်စီးခဲ့သည့် လယ်သမားများက ယခုစိုက်ပျိုးရာသီ မလွတ်မီ မျိုးစပါးအရေးပေါ် ထောက်ပံ့ပေးနိုင်ရေး ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုကူညီရေးအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ အကူအညီများ လိုအပ်နေကြောင်း ပြောဆိုကြသည်။
ရက္ခိုင်တွင် မိုးရာသီတိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မြေနိမ့်ပိုင်းဒေသများရှိ လယ်သမားများမှာ ရာသီဥတုပြောင်းလဲမှုကြောင့် လယ်ယာထိခိုက်ဆုံးရှုံးမှုများကို မကြာခဏ ကြုံတွေ့နေရသည်။
ကျွမ်းကျင်သူများကလည်း အရေးပေါ်မျိုးစပါးသိုလှောင်မှုစနစ်များနှင့် ရေဘေးအပြီး လယ်ယာပြန်လည်ထူထောင်ရေး အစီအစဉ်များ ပိုမိုလိုအပ်ကြောင်း ထောက်ပြထားသည်။