
AB News – ဇွန် ၃၀၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်းရှိ လယ်ယာမြေများကို မြေယာဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ အကွက်ရိုက်ခြင်းနှင့် အခြားနည်းလမ်းများဖြင့် အသုံးပြုခြင်းတို့ကို တားမြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုဌာနချုပ်က ထုတ်ပြန်လိုက်သည်။
ဇွန်လ (၂၉) ရက်စွဲဖြင့် ထုတ်ပြန်သည့် ULA ဗဟိုဌာနချုပ်၏ အမိန့်စာအမှတ် (၃၃/၂၀၂၆) အရ လယ်ယာမြေများကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်အတွက် ယခုကဲ့သို့ တားမြစ်မိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် မည်သူမဆို သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရရှိဘဲ လယ်ယာမြေများကို လူနေအိမ်ခြံမြေအဖြစ်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ မြေကွက်အဖြစ်လည်းကောင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် အသုံးပြုရန်အတွက် အကွက်ရိုက်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်းနှင့် အငှားချခြင်းတို့ကို လုံးဝခွင့်မပြုလုပ်ရန် တားမြစ်ထားကြောင်း ဖော်ပြထားသည်။
ထို့အပြင် လယ်ယာမြေများပေါ်တွင် သက်ဆိုင်ရာမှခွင့်ပြုချက်မရရှိဘဲ မြေဖို့ခြင်း၊ လမ်းဖောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း ၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ သို့မဟုတ် မြေအသုံးပြုမှုပြောင်းလဲစေသော လုပ်ငန်းများကို မဆောင်ရွက်ကြရန်လည်း တားမြစ်ထားသည်။
ဤအမိန့်ကို ဖောက်ဖျက်ကျူးလွန်သူများအား မြေယာဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး ဥပဒေမဲ့ လုပ်ဆောင်သော လုပ်ငန်းများကို ဖျက်သိမ်းခြင်း၊ ရပ်ဆိုင်းခြင်းနှင့် တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။