သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုင်းယုတွင် စပါးစိုက်ရန် အခက်ကြုံနေသော လယ်သမားများကို AA ကူညီစိုက်ပျိုးပေး

AB News – ဇွန် ၃၀၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅ မိုင်) ဒေသတွင် စပါးစိုက်ပျိုးရာ၌ အလုပ်သမားငှားရမ်းရန် အခက်အခဲရှိနေသည့် လယ်သမားများ၏ လယ်ယာများကို AA (မီးနဂါးစစ်ဒေသ) တပ်ဖွဲ့ဝင်များက ဝင်ရောက်ကူညီ စိုက်ပျိုးပေးနေကြောင်း မိုင်းယုသတင်းဌာနက ယနေ့ ဇွန် လ ၃၀ ရက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

အဆိုပါအစီအစဉ်အား ဇွန် ၂၁ ရက်က စတင်ခဲ့ပြီး နေ့စားအလုပ်သမား ငှားရမ်းခ မတတ်နိုင်သည့် လယ်သမားများကို ဦးစားပေးကူညီနေခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ AA တပ်ဖွဲ့ဝင်များက စပါးစိုက်ပျိုးပေးပြီးသည့် လယ်မြေမှာ စုစုပေါင်း ခြောက်ဧကခန့်ရှိကြောင်း သိရသည်။

မိုင်းယုဒေသတွင် စပါးစိုက်ရာသီအတွင်း နေ့စားအလုပ်သမားခမှာ တစ်ဦးလျှင် တစ်ရက် ကျပ် ၃၀,၀၀၀ ခန့်အထိ ရှိနေပြီး အလုပ်သမားရှားပါးမှုနှင့် ကုန်ကျစရိတ်မြင့်တက်မှုကြောင့် လယ်သမားအများအပြား စိုက်ပျိုးရေးလုပ်ငန်း အခက်ကြုံနေကြောင်း ဒေသခံများက ဆိုသည်။

မိုင်းယုဒေသတွင် ယခင်ကလည်း ငွေကြေးတတ်နိုင်သူများကသာ နေ့စားအလုပ်သမား ငှားရမ်းစိုက်ပျိုးနိုင်ပြီး အခြားလယ်သမားများမှာ အပြန်အလှန်ကူညီသည့် အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

ထို့ပြင် မဟာမိတ်အုပ်ချုပ်ရေးနယ်မြေအတွင်း စပါးစိုက်ပျိုးရာတွင် အခက်အခဲကြုံနေသည့် လယ်သမားများအနေဖြင့် မဟာမိတ်အုပ်ချုပ်ရေးကော်မတီရုံးများသို့ အကူအညီတောင်းခံနိုင်ကြောင်းလည်း ဒေသတွင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ