သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ငွေသားပြတ်လပ်မှုကြောင့် ငွေလွှဲ၊ ငွေထုတ်ခများ ငွေထုတ်ခကာ ဒေသခံများ ငွေကြေးသုံးစွဲရေး အခက်အခဲနှင့် ရင်ဆိုင်နေရ

AB News – စက်တင်ဘာ ၂၁၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း ငွေကြေးလည်ပတ် စီးဆင်းမှု လျော့နည်းလာပြီး ငွေသားရရှိရန် ခက်ခဲလာသဖြင့် ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်ခများ မြင့်တက်လာကာ ဒေသခံပြည်သူများ နေ့စဉ်စားဝတ်နေရေးအတွက် ငွေကြေးအသုံးပြုရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ရက္ခိုင်ပြည်အတွင်း ငွေသားရရှိရန် ခက်ခဲလာသည့်အပြင် ပြည်ပနှင့် အခြားဒေသများမှ ငွေလွှဲပို့မှုများကို လက်ငင်းငွေသားအဖြစ် ပြန်လည်ထုတ်ယူရာတွင်လည်း ငွေထုတ်ဝန်ဆောင်ခများ မြင့်တက်နေကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ စစ်ရေးပဋိပက္ခများနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဒေသတစ်ခုနှင့်တစ်ခုအကြား ငွေသားရွှေ့ပြောင်းရယူရန် ခက်ခဲလာခြင်းသည် ဒေသတွင်း ငွေသားလည်ပတ်မှုအပေါ် သက်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

အထူးသဖြင့် ပြည်ပရောက် သားသမီးများနှင့် မိသားစုဝင်များထံမှ ငွေလွှဲပို့မှုကို အားကိုးနေရသည့် မိသားစုများအတွက် ငွေထုတ်ဝန်ဆောင်ခ မြင့်တက်လာခြင်းသည် ရရှိသည့်ငွေထဲမှ အပိုကုန်ကျစရိတ် ပေးဆောင်ရသည့်အတွက် နေ့စဉ်စားဝတ်နေရေးအပေါ် ထပ်မံသက်ရောက်စေကြောင်း သိရသည်။

မောင်တောမြို့မှ ဒေါ်ရွှေမိုးက ငွေလွှဲ၊ ငွေထုတ်ခများ မြင့်တက်လာခြင်းကြောင့် ပြည်ပရောက် သားသမီးများထံမှ ငွေကြေးအကူအညီကို မှီခိုနေရသူများအတွက် အခက်အခဲဖြစ်နေကြောင်း ပြောသည်။

” အခုလို ငွေလွှဲ၊ ငွေထုတ်ခတွေ အဆမတန်မြင့်လာတော့ ကျမတို့လို နိုင်ငံခြားက သားသမီးတွေကို မှီခိုစားသောက်နေရတဲ့သူတွေအတွက် အဆင်မပြေဘူး။ ငွေတစ်သိန်းကို ၅၅၀၀၊ ၅၃၀၀၊ ၅၂၀၀ အထိ ပေးရတယ်။ အရင်ရက်တွေတုန်းက ၇၀၀၀ အထိတက်ခဲ့တော့ အဲဒီအချိန်တွေမှာ ငွေမထုတ်ဖြစ်ခဲ့ဘူး” ဟု ဆိုသည်။

မောင်တောမြို့တွင် ငွေလွှဲနှင့် ငွေထုတ်ဝန်ဆောင်မှု လုပ်ကိုင်နေသူ လှခိုင်စောကလည်း လက်ရှိတွင် ငွေသားရရှိမှု ပုံမှန်မရှိသဖြင့် ငွေထုတ်ဝန်ဆောင်ခမှာ ငွေသားရရှိသည့်နေရာနှင့် ထုတ်ယူသည့်ငွေပမာဏအပေါ် မူတည်၍ အတက်အကျရှိနေကြောင်း ပြောသည်။

” အခုတော့ ငွေတစ်သိန်းကို ၅၅၀၀ ကျသင့်တဲ့ဈေးနှုန်းနဲ့ ထုတ်ပေးတယ်။ ငွေဈေးက ပုံမှန်မရှိဘူး။ ကျမတို့က ကျောက်တော်ကနေ ငွေယူပြီး လုပ်ရတာဆိုတော့ တက်ဈေး၊ ကျဈေးတော့ ရှိတယ်။ သိန်းတစ်ရာလောက် လာထုတ်ရင်တော့ ၅၃၀၀၊ ၅၂၀၀ လောက်နဲ့ ထုတ်ပေးလေ့ရှိတယ်” ဟု ဆိုသည်။

ထိုသို့ ငွေသားရရှိရန် ခက်ခဲလာခြင်းနှင့် ငွေထုတ်ဝန်ဆောင်ခ မြင့်တက်လာခြင်းတို့ကြောင့် ပြည်ပမှ ငွေလွှဲပို့သည့် မိသားစုများအနေဖြင့် ပေးပို့သည့် ငွေပမာဏအပြည့်ကို အသုံးပြုနိုင်ခြင်းမရှိဘဲ ဝန်ဆောင်ခအဖြစ် ကုန်ကျသည့်ငွေ ပိုမိုများပြားလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ငွေသားရှားပါးမှုနှင့်အတူ ရက္ခိုင်ပြည်အတွင်း လက်ရှိလည်ပတ်နေသည့် ငွေစက္ကူများအနက် ဟောင်းနွမ်း၊ စုတ်ပြဲနေသည့် ငွေစက္ကူများကို အသုံးပြုရာတွင်လည်း အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောသည်။

အချို့သော စျေးဆိုင်များတွင် စုတ်ပြဲ၊ ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို လက်ခံရန် အခက်အခဲရှိသဖြင့် လက်ထဲတွင် ငွေရှိနေသော်လည်း လိုအပ်သည့်ပစ္စည်းများကို ချက်ချင်းဝယ်ယူ၍ မရသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း သိရသည်။

အထူးသဖြင့် နေ့စဉ်ဝင်ငွေကို အားကိုးပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းနေရသူများအတွက် ငွေစက္ကူတစ်ရွက်ကိုပင် တန်ဖိုးပြည့် အသုံးမပြုနိုင်ခြင်းသည် နေ့စဉ်အသုံးစရိတ်အပေါ် တိုက်ရိုက်သက်ရောက်နိုင်သည်။

ဆန်၊ ဆီ၊ ဆား၊ အစားအသောက်နှင့် ဆေးဝါးများကဲ့သို့ အခြေခံလိုအပ်ချက်များ ဝယ်ယူရန်အတွက် လက်ငင်း ငွေသားလိုအပ်ချိန်တွင် လက်ရှိငွေစက္ကူကို ဆိုင်က လက်မခံပါက ထပ်မံငွေလဲလှယ်ရခြင်း၊ အချိန်ကုန်ခြင်းနှင့် တန်ဖိုးလျော့နည်းစွာ လဲလှယ်ရခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ဘူးသီး​တောင်​မြို့ခံ မောင်ကိုနိုင်က စုတ်ပြဲနေသည့် ငွေစက္ကူများကို လဲလှယ်ပေးသူများရှိသော်လည်း မူလတန်ဖိုးအပြည့် ပြန်လည်မရရှိသဖြင့် အခက်အခဲဖြစ်နေကြောင်း ပြောသည်။

” စုတ်ပြဲနေတဲ့ ငွေတွေကို လာရောက်လဲလှယ်ပေးတဲ့သူတွေတော့ ရှိတယ်။ ဒါပေမယ့် ၁၀၀၀ ကျပ် လဲရင် ၅၀၀ ကျပ်လောက်ပဲ ရတယ်။ တစ်ဝက်လောက်ပဲ ပြန်ရတော့ သိပ်အဆင်မပြေဘူး။ အခုလို ငွေသားရှားပါးနေတဲ့အချိန်မှာဆို ပိုပြီးတော့ အဆင်မပြေဘူး “ဟု ဆိုသည်။

ယင်းအခြေအနေသည် ငွေသားမရှိခြင်းတစ်ခုတည်းသာမက လက်ထဲရှိငွေကို တန်ဖိုးပြည့်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့် ပြဿနာကိုပါ ဖြစ်ပေါ်စေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် KPay နှင့် KBZ ဘဏ်အကောင့်အချို့ အသုံးပြုခွင့် ကန့်သတ်ခံရခြင်းများကြောင့် ရက္ခိုင်ပြည်အတွင်း ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုများအပေါ်လည်း သက်ရောက်မှုရှိနေကြောင်း ဒေသခံများနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သူများထံမှ သိရသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်တွင် KBZ Bank ၏ စနစ်အဆင့်မြှင့်တင်မှု ပြုလုပ်ပြီးနောက် KPay နှင့် KBZ ဘဏ်၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ အသုံးပြုနေသူအချို့၏ အကောင့်အသုံးပြုခွင့် ကန့်သတ်ခံခဲ့ရပြီး ယင်းအခြေအနေကြောင့် ရက္ခိုင်ပြည်အတွင်း ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း ဒေသခံလုပ်ငန်းရှင်များက ပြောဆိုထားသည်။

ငွေလွှဲဝန်ဆောင်မှုလုပ်ကိုင်သူများအနေဖြင့် KPay နှင့် ဘဏ်အကောင့်များကို အသုံးပြု၍ ငွေလွှဲပို့ခြင်းနှင့် လက်ငင်းငွေသားထုတ်ပေးခြင်းများ ဆောင်ရွက်ရသည့်အတွက် အကောင့်အသုံးပြုခွင့် ကန့်သတ်ခံရမှုများသည် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများအပေါ် ထပ်မံအခက်အခဲ ဖြစ်စေကြောင်း ၎င်းတို့က ပြောသည်။

ထို့ကြောင့် ပြည်ပမှ ငွေလွှဲပို့နိုင်ခြင်းရှိသော်လည်း ယင်းငွေကို ဒေသတွင်းတွင် လက်ငင်းငွေသားအဖြစ် ပြန်လည်ထုတ်ယူနိုင်ခြင်းမရှိပါက ငွေလက်ခံရရှိသည့် မိသားစုများ၏ နေ့စဉ်အသုံးစရိတ်များအပေါ်ပါ သက်ရောက်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ရက္ခိုင်ပြည်အတွင်း ငွေသားလည်ပတ်စီးဆင်းမှုသည် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် ဆက်စပ်နေပြီး ဒေသတစ်ခုနှင့်တစ်ခုအကြား ငွေသားရွှေ့ပြောင်းရယူရန် အခက်အခဲရှိလာပါက ဒေသတွင်း ငွေသားရရှိမှုအပေါ် တိုက်ရိုက်သက်ရောက်နိုင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအခြေအနေတွင် ပြဿနာကို ဖြေရှင်းရန် ငွေသားရရှိနိုင်မည့် လမ်းကြောင်းများ ပုံမှန်လည်ပတ်နိုင်ရေး၊ ငွေလွှဲနှင့် ငွေထုတ်ဝန်ဆောင်မှုများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရေးနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ အသုံးပြုရာတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရေးတို့ လိုအပ်နေကြောင်း သိရသည်။

ထို့အပြင် ဟောင်းနွမ်း၊ စုတ်ပြဲနေသည့် ငွေစက္ကူများကို ပြန်လည်လဲလှယ်နိုင်မည့် နည်းလမ်းများ ရှင်းလင်းစွာရှိလာရန်နှင့် ပြည်သူများအနေဖြင့် မည်သည့်နေရာတွင် မည်သို့လဲလှယ်နိုင်သည်ကို သိရှိနိုင်ရန်လည်း လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

အထူးသဖြင့် ပြည်ပရောက် မိသားစုဝင်များထံမှ ငွေလွှဲပို့မှုကို အားကိုးနေရသည့် အိမ်ထောင်စုများအတွက် ငွေသည် မိသားစုစားဝတ်နေရေး၊ ကလေးများ၏ ပညာရေး၊ ဆေးဝါးနှင့် အခြားအခြေခံလိုအပ်ချက်များအတွက် တိုက်ရိုက်အသုံးပြုနေရသည့်အတွက် ငွေလွှဲရောက်ရှိခြင်းနှင့် လက်ငင်းအသုံးပြုနိုင်ခြင်း နှစ်ရပ်စလုံး အရေးကြီးနေသည်။

ထို့ကြောင့် လက်ရှိငွေသားရှားပါးမှုကို ငွေကြေးပမာဏ နည်းပါးနေသည့် ပြဿနာတစ်ခုတည်းအဖြစ်မဟုတ်ဘဲ ငွေသားရရှိနိုင်မှု၊ ငွေလွှဲနိုင်မှု၊ ငွေထုတ်နိုင်မှုနှင့် ရရှိသည့်ငွေကို တန်ဖိုးပြည့် အသုံးပြုနိုင်မှုတို့နှင့် ဆက်စပ်နေသည့် ပြဿနာတစ်ရပ်အဖြစ် ဒေသခံများက ရင်ဆိုင်နေရခြင်းဖြစ်သည်။

လက်ရှိ ငွေသားရှားပါးမှု အခြေအနေသည် မည်မျှကြာမြင့်မည်ကို မသိရှိရသေးသော်လည်း ငွေသားလည်ပတ်မှု ပုံမှန်မဖြစ်ပါက ပြည်ပမှ ငွေလွှဲပို့မှုကို အားကိုးနေရသည့် မိသားစုများအပါအဝင် လက်ငင်းငွေသားဖြင့် နေ့စဉ်အသုံးစရိတ်များ ဖြေရှင်းနေရသည့် ဒေသခံများအတွက် အခက်အခဲများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ