AB News – မေ ၃၀၊ ၂၀၂၆
ရက္ခိုင်တမျိုးသားလုံး၏ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အာရက္ခတပ်တော်က ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် “လက်ရှိအချိန်ကာလတွင် အာရက္ခပြည်လုံးနီးပါးအား သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အနေအထားသို့ ရောက်ရှိလျက်ရှိပြီး တမျိုးသားလုံး၏ ရည်မှန်းချက်မှာ ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို့သို့ ရောက်ရှိနေပြီးဖြစ်သည်” ဆိုထားသည်။
အောင်မြင်မှုများ ရရှိလာခြင်းသည် အာရက္ခစစ်သည်တော်များ၏ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာအား နေ့တိုင်း စွန့်လွှတ်အနစ်နာခံမှု၊ ပီးဆပ်တိုက်ပွဲဝင်ပြီး အောင်ပွဲများရယူနိုင်ပေးခြင်း၏ အကျိုးရလဒ်ဖြစ်သည့်နည်းတူ ရဲရင့်ပြောင်မြောက်သော အာရက္ခပြည်သူလူထုများ၏ တာဝန်ကျီပွန်မှုကြောင့်လည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ မပြီးပြတ်သေးသော တော်လှန်ရေးကြီး အလုံးစုံအပြည့်ဝ အောင်မြင်မှုရရှိရေးအတွက်လည်း အာရက္ခစစ်သည်တော်များသည် ရှေ့တန်းစစ်မျက်နှာများ၌ စစ်ကော်မရှင်တပ်များနှင့် အပြင်းအထန်ဆက်လက် ရင်ဆိုင်တိုက်ပွဲဝင်နေရပြီး ရှုံးမဲ မဲနေသော စစ်ကော်မရှင်သည် အာရက္ခပြည်သူလူထုများ နေထိုင်ရာ မြို့ရွာများအား လက်နက်ကြီး၊ လေကြောင်းများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ စစ်မြေပြင်၌ စစ်ကော်မရှင်နှင့် စစ်ရေးအရ အပြင်းအထန်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်နေရသည့်နည်းတူ ULA/AA အား နိုင်ငံတကာဖိအားများ သက်ရောက်စေရန် အားထုတ်ကြိုးပမ်းနေကြသည့် အစုအဖွဲ့များ၊ အမျိုးသားသစ္စာဖောက်အချို့၏ တကိုယ်တော် တိုက်ခိုက်ဆောင်ရွက်ချက်များကိုလည်း ဘက်စုံထောင့်စုံမှ ရင်ဆိုင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှုများ ကြားထဲမှာပင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာ၊ ကျေးလက် ဖွံ့ဖြိုးရေးစီမံကိန်းစသည့် တိုင်းပြည်တည်ဆောက်ရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ဆောင်မှုများကိုပါ အာရက္ခပြည်သူလူထုများနှင့်အတူ ခိုင်မြဲစွာ လက်တွဲလျက် အချိန်နှင့် တပြေးညီ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ် လုပ်ဆောင်လျက်ရှိကြောင်း အာရက္ခတပ်တော်က အသိပေးထုတ်ပြန်ခဲ့သည်။


