AB News – မေ ၃၁၊ ၂၀၂၆
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ မေလ (၃၁) ရက်နေ့စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါသဝဏ်လွှာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ရန်အတွက် တစ်နိုင်ငံလုံးရှိ လူငယ်များက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြကြောင်း၊ လက်ရှိတွင် လက်နက်ကိုင်တော်လှန်ရေးကာလသည် ၅ နှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ULA/AA ၏ ထုတ်ပြန်ချက်တွင် “အချို့သော ပြည်သူ့ကာကွယ်ရေး၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် တော်လှန်ရေးအတွင်း မရပ်တည်နိုင်ကြတော့ဘဲ စစ်ကော်မရှင်ထံ လက်နက်ချသွားကြသည့်အဖွဲ့များ၊ တော်လှန်ရေးပြေးလမ်းပေါ်မှ လွင့်စဉ်သွားခဲ့ကြသောအဖွဲ့များ ရှိသည့်နည်းတူ စစ်အာဏာရှင်တို့ကို နောက်မဆုတ်စတမ်း ကြံ့ကြံ့ခံသော စိတ်ဓာတ်များဖြင့် ဆက်လက်တွန်းလှန်တိုက်ခိုက်နေကြသောအဖွဲ့များ၊ ဖက်ဆစ်အကြမ်းဖက်တပ်ဖွဲ့များ ထိန်းချုပ်ခဲ့သော မြို့များအား သိမ်းပိုက်ထားသောအဖွဲ့လည်း ရှိခဲ့ပြီး တော်လှန်ရေးအရှိန်သည် ဆက်၍ ရွေ့လျားလျက်ရှိသည်” ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် အဆိုးဝါးဆုံး ပြည်တွင်းစစ်ကို ကြုံတွေ့နေရပြီး အစုတ်ပြတ်သတ်ဆုံး အရှေ့တောင်အာရှနိုင်ငံအဆင့်သို့ ရောက်ရှိနေကြောင်းလည်း သဝဏ်လွှာတွင် သုံးသပ်ထားသည်။
KNDF သည် ၅ နှစ်တာကာလအတွင်း ကရင်နီလူမျိုးများနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ကရင်နီဒေသ၊ ရှမ်းမြောက်အပါအဝင် နေရာအချို့တွင် မိတ်ဖက်မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဝင်ရင်း ကရင်နီဒေသတွင်းမှ မြို့ကြီး၊ မြို့နယ်အချို့ကို သိမ်းပိုက်ရရှိထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားဖြင့် လည်ပတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ULA/AA က ဆိုသည်။
KNDF ၏ ၅ နှစ်တာ ကရင်နီတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြသည့် ကရင်နီပြည်သူလူထု၊ KNDF ရဲဘော်များနှင့် တော်လှန်ရေးရဲဘော်များ၏ ပေးဆပ်မှုများကို လေးနက်စွာ တန်ဖိုးထားအသိအမှတ်ပြုကြောင်းနှင့် ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် KNDF မှ မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုအတွင်း အမြန်ဆုံး ပြည့်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ထားသည်ကို တွေ့ရှိရသည်။

