(ကျောင်းသားသစ်များ ဆက်လက် လက်ခံနေ)

AB News – ဇူလိုင် ၆၊ ၂၀၂၆
စစ်ဘေးနှင့် စစ်ဒဏ်ကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည့် ရက္ခိုင်မျိုးဆက်သစ် လူငယ်ကလေးငယ်များ ပညာရေးမပြတ်တောက်စေရန် ရည်ရွယ်၍ “လေးဝတီမျိုးသျှစ်လူငယ် ပညာရေးဖောင်ဒေးရှင်း”မှ အခမဲ့ ပညာသင်ကြားပေးခြင်းနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖောင်ဒေးရှင်း အား ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပထမနှစ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၆ ဦးအထိ သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွက် ကျောင်းဖွင့်ခြင်းအား ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး လက်ရှိတွင် KG တန်းမှ Grade-8 အထိ ကလေးငယ် ၇၀ ဦးကို သင်ကြားပေးနေကာ နောက်ထပ် ကလေးငယ် ၃၀ ခန့်ကိုလည်း ဆက်လက်လက်ခံ၍ သင်ကြားပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
အဓိက ဦးစားပေး လက်ခံရွေးချယ်နေသည့် ကလေးငယ်များနှင့် ပတ်သက်၍ လေးဝတီမျိုးသျှစ်လူငယ် ပညာရေးဖောင်ဒေးရှင်းမှ တာဝန်ခံဖြစ်သူ ကိုကျော်ဆန်းဝင်းက ဤကဲ့သို့ ပြောကြားသည်။
”ကျနော်တို့ အဓိက ခေါ်ယူနေတဲ့ ကလေးတွေကတော့ တိုက်ပွဲတွေကြားမှာ အသက်ဆုံးရှုံးသွားရတဲ့ မိဘတွေရဲ့ ကျန်ရစ်တဲ့ ကလေးငယ်တွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားရတဲ့ မိဘတွေရဲ့ ကလေးငယ်တွေနဲ့ ဆင်းရဲနွမ်းပါးပြီး ဒုက္ခရောက်နေကြရတဲ့ မိသားစုတွေထဲက ကလေးငယ်တွေကို ဦးစားပေးခေါ်ယူနေပါတယ်။ ကလေးတွေ ပညာတတ်မြောက်ဖို့၊ ရက္ခိုင်ပြည်ထဲက ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေမှာ ပညာရေး မဆုံးရှုံးရအောင် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ အနာဂတ်လှပဖို့ ရည်ရွယ်တည်ထောင်ခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ဖောင်ဒေးရှင်း၌ တက်ရောက်ပညာသင်ယူနေသည့် ကလေးငယ်များအနေဖြင့် ပညာသင်ယူရာတွင် အခက်အခဲမရှိစေရန်အတွက် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ အပါအဝင် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများကိုလည်း ထောက်ပံ့ထားကြောင်း သိရသည်။
စစ်ဘေး၊ စစ်ဒဏ်ကြောင့် ပညာသင်ခွင့်ဆုံးရှုံးနေရသည့် ရက္ခိုင်ကလေးငယ် တစ်ဦးမကျန် စာသင်ယူနိုင်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင် အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းကူညီပံ့ပိုးမှုများ အထူးလိုအပ်နေကြောင်း “လေးဝတီမျိုးသျှစ်လူငယ် ပညာရေးဖောင်ဒေးရှင်း” က ဆိုသည်။
ဓာတ်ပုံ – လေးဝတီမျိုးသျှစ်လူငယ် ပညာရေးဖောင်ဒေးရှင်း