AB News – မေ ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ နတ်ချောင်းကျေးရွာတွင် သောက်သုံးရေ ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်နှင့် နွေရာသီတွင် ရေဖူလုံမှုရှိစေရန်အတွက် ရွာသူ၊ ရွာသားများ စုပေါင်း၍ သောက်သုံးရေကန်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် တူးဖော်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ သောက်သုံးရေကန် တူးဖော်ခြင်းလုပ်ငန်းကို နတ်ချောင်းလူငယ်များအသင်း (Natchaung Youth Association – NYA) ၏ ဦးဆောင်မှု၊ ကျေးရွာအလှူရှင်များနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
စီမံကိန်းကာလအတွင်း ကျေးရွာရှိ လူကြီး၊ လူငယ်မရွေး တစ်ရွာလုံးရှိ မိသားစုဝင်များ စည်းလုံးညီညွတ်စွာဖြင့် လုပ်အားဒါန ပါဝင်ကူညီပေးနေကြသည့်အပြင် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဂျင်ချေကျေးရွာမှ ရွာသူရွာသားများကလည်း လုပ်သားအင်အားဖြင့် ပူးပေါင်းပါဝင်၍ ဝိုင်းဝန်းကူညီပေးလျက် ရှိသည်။
လုပ်ငန်းခွင် တတိယမြောက်နေ့အထိ ရေကန်အတွင်းရှိ နှုန်းမြေများ ဆယ်ယူခြင်း၊ ကန်ဘောင်များ စနစ်တကျ ပြန်လည်ပြုပြင်ခြင်းနှင့် ရေကန်အကျယ်ချဲ့ခြင်းလုပ်ငန်းများကို စက်ယန္တရားများ၊ လူလုပ်အားများ ပေါင်းစပ်ကာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နေကြကြောင်း ဒေသခံလူငယ်အဖွဲ့အစည်းထံမှ သိရသည်။
နတ်ချောင်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ကျေးရွာရဲ့ သောက်သုံးရေကန်ကို လူကြီးလူငယ် တစ်ရွာလုံး ဝိုင်းဝန်းကူညီပြီး တူးဖော်နေကြတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ အဝေးရောက် နတ်ချောင်းသားတွေနဲ့ အလှူရှင်တွေကလည်း နည်းမျိုးစုံနဲ့ ပါဝင်လှူဒါန်းပေးကြလို့ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ အခုလို ရေကန်ကို ပြန်လည်တူးဖော်လိုက်နိုင်တဲ့အတွက် ရှေ့လာမယ့် နွေရာသီတွေမှာ ကျနော်တို့ရွာအတွက်တင်မကဘဲ အနီးနားက ကျေးရွာတွေအတွက်ပါ သောက်သုံးရေ အဆင်ပြေသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် နှစ်စဉ် သောက်သုံးရေ အခက်အခဲ ကြုံတွေ့ရလေ့ရှိသည့် ကျေးလက်ဒေသများတွင် ဤကဲ့သို့ မိမိတို့ကျေးရွာ အစီအစဉ်ဖြင့် စည်းလုံးညီညွတ်စွာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် အခြားသော ကျေးရွာများအတွက်ပါ အတုယူဖွယ် စံပြလုပ်ရပ်တစ်ခု ဖြစ်လာကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
ဓာတ်ပုံ – နတ်ချောင်းလူငယ်များအသင်း








