သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ULA/AA မှ ဦးဆောင်၍ Clean Arakkha စီမံချက်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

AB News – စက်တင်ဘာ ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့မစျေးကြီးအတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျှော့ချရေးနှင့် ပြည်သူ့ကျန်းမာရေး အဆင့်မြှင့်တင်ရေးတို့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဦးဆောင်၍ “သန့်ရှင်းသော အာရက္ခပြည် စီမံချက်” (Clean Arakkha) ကို ယမန်နေ့တွင် စုပေါင်းလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေး လုပ်ငန်းစဉ်များကို ယမန်နေ့ (စက်တင်ဘာလ ၁၁ ရက်)၊ နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီအထိ ၅ နာရီနီးပါးကြာ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

စီမံချက်အတွင်း စျေးအတွင်း၊ စျေးပြင်ပ လမ်းမများပေါ်ရှိ အမှိုက်သရိုက်များ၊ စျေးဆိုင်ခန်းများကြား၌ ပိတ်ဆို့နေသည့် စွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ် အမှိုက်များကို အဓိကထား ရှင်းလင်းခဲ့ကြသည်။

ထို့အပြင် ​ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြိုပျက် သံချေးတက် ဆွေးမြေ့ကျန်ရှိနေသော သံဖြူအမိုးအကာများ၊ စစ်ဘေးကျန် အပျက်အစီးများနှင့် အမှိုက်ဆိုးများကိုပါ စနစ်တကျ ဖယ်ရှားရှင်းလင်း ခဲ့ကြသည်။

ထွက်ရှိလာသည့် အမှိုက်များကိုလည်း ဖြစ်သလို ပစ်ထုတ်ခြင်း မပြုဘဲ အမှိုက်သိမ်းယာဉ်များဖြင့် သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်ရာ စက္ကူနှင့် ပလတ်စတစ် ခွဲခြားစွန့်ပစ်သည့် နေရာများသို့ စနစ်တကျ သယ်ဆောင် စွန့်ပစ်ခဲ့ကြသည်။

ယခု Clean Arakkha စီမံချက်တွင် ULA/AA စည်းရုံးရေးဌာနမှ တာဝန်ရှိသူများ၊ မြောက်ဦး လူငယ်အင်အားစု၊ မြို့နယ် ပါတီလူငယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်း လူငယ်များနှင့် စျေးကော်မတီ တာဝန်ရှိသူများ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ​ခြင်း​​ဖြစ်သည်။

သန့်ရှင်းရေး ဆောင်ရွက်နေစဉ်အတွင်း စျေးဆိုင်ခန်း ပိုင်ရှင်များနှင့် စျေးဝယ်လာသည့် ပြည်သူများကလည်း မိမိတို့၏ ဆိုင်အကွက်များအလိုက် သန့်ရှင်းရေး ပြုလုပ်ကြပြီး ပူးပေါင်းပါဝင်ခဲ့ကြသည်။

စျေးသူစျေးသား အများစုကလည်း ယခုကဲ့သို့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးခြင်းကြောင့် စျေးအတွင်း အနံ့ဆိုးများ ကင်းဝေးပြီး သန့်ရှင်းသပ်ရပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်မည်ဖြစ်၍ ဝမ်းမြောက်ကြောင်း ပြောဆိုကြသည်။

ULA/AA နှင့် ဒေသခံ တာဝန်ရှိသူများသည် Clean Arakkha စီမံချက်အတိုင်း အများပြည်သူ အသုံးပြုသည့် နေရာများ၌ သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်တိုက် ဆောင်ရွက်လျက် ရှိသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်ကလည်း မြောက်ဦးခရိုင် ပါတီရုံး၏ ဦးဆောင်မှုဖြင့် လောင်းကြက်တံတားမှ မြောင်းဘွေ ရွာဝင်တံတားအထိ လမ်းပိုင်းပေါ်ရှိ တံတား စုစုပေါင်း ၁၀ စင်းကို စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံစာ – စက်တင်ဘာလ ၁၁ ရက်နေ့က မြောက်ဦးမြို့အတွင်း ULA/AA မှ ဦးဆောင်၍ Clean Arakkha စီမံချက်ဖြင့် သန့်ရှင်းရေးပြုလုပ်နေကြစဥ် (ပုံ – AB News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ