သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးတွင်းကာလတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ရက္ခိုင်က စစ်ရှောင်များ စားဝတ်နေရေးအခက်ကြုံနေ

AB News – စက်တင်ဘာ ၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် မိုးတွင်းကာလ အလုပ်အကိုင် ရှားပါးလာခြင်းနှင့်အတူ လူသားချင်းစာနာမှု အကူအညီများ ရရှိမှု နည်းပါးလာသဖြင့် စစ်ရှောင်ပြည်သူများ စားဝတ်နေရေးအကြပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၇၈ စု မှီတင်းနေထိုင်ကြပြီး အများစုမှာ ကျောက်တော်မြို့နယ်ရှိ ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချ (ကျဘမ်း) အလုပ်ကို လုပ်ကိုင်၍ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရသူများဖြစ်သည်။

ယခုအခါ မိုးသည်းထန်စွာ ရွာသွန်းသည့် မိုးတွင်းကာလ ဖြစ်လာသည်နှင့်အမျှ ကုန်သည်များ အဝင်အထွက် နည်းပါးသွားသဖြင့် ကုန်တင်ကုန်ချ အလုပ်မလုပ်ရသည့် ရက်များ ပိုမိုများပြားလာသည်။

“အရင်လတွေက အလုပ်လုပ်ရတာအဆင်ပြေတယ်။
တစ်နေ့တာဝင်ငွေဆိုရင် ကျပ်ငွေ ၃၀,၀၀၀ လောက်အထိ ရကြတယ်။ အခုက ကုန်သည်တွေလည်းအဆင်း​နည်းတေ့ာ အလုပ်မလုပ်ရတဲ့ ရက်တွေများလာတယ်။ အလုပ်မလုပ်ရတေ့ာ အဆင်မပြေဘူး။ ဒီလိုသာနေ့တိုင်းဖြစ်လာရင် မိသားစုစားဝတ်နေရေးအတွက် ပူပင်မိတယ်” ဟု ရွှေတောင်ပေါက် စစ်ရှောင်စခန်းမှ ဦးအောင်စိန်ထွန်းက AB News သို့ ပြောပြသည်။

ထို့အပြင် စစ်ရှောင်ပြည်သူများ စခန်းဆောက်လုပ် နေထိုင်ကြသည့် မြေနေရာအတွက်လည်း မြေပိုင်ရှင်များကို စခန်းရှိပြည်သူတွေ စုပေါင်း၍ တစ်နှစ်လျှင် ကျပ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းခွဲ) ပေးဆောင်နေရသဖြင့် ဝင်ငွေမရှိသည့် ကာလများတွင် ယင်းမြေငှားခ စုဆောင်းရန်အတွက်ပါ ထပ်မံ ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရသည်။

အဆိုးရွားဆုံးမှာ စစ်ရှောင်စခန်းများသို့ အကူအညီ ရောက်ရှိမှု အလွန်နည်းပါးနေခြင်းဖြစ်သည်။

ယခင်က လူမှုကူညီရေးအဖွဲ့များထံမှ အကူအညီ အနည်းငယ် ရရှိခဲ့ဖူးသော်လည်း ယခုချိန်တွင် ကူညီကယ်ဆယ်ရေးမရရှိသည်မှာ အနည်းငယ်မျှကြာပြီ ဟု ဆိုကြသည်။

လက်ရှိတွင် အဆိုပါ စစ်ရှောင်ပြည်သူများမှာ အလုပ်အကိုင်ရှားပါးလာခြင်း၊ ကူညီထောက်ပံ့မှုရရှိခြင်းတို့ နည်းပါးလာကြခြင်းကြောင့် နေ့စဉ် စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့နေရပြီး ရေရှည် စားဝတ်နေရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိနေကြသည်။

Photo – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ