သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော ကြိမ်ချောင်းကျေးရွာတွင် ကမ်းပါးပြိုကျ၊ ပြုပြင်ထိန်းသိမ်းပေးရန် ဒေသခံများ တောင်းဆို

AB News – စက်တင်ဘာ ၃ ၊ ၂၀၂၆

ရက္ခိုင်ပြည်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် ရေတိုက်စားကာ ကမ်းပါးပြိုကျမှုများ ဖြစ်ပွားနေပြီး ဆေးရုံနှင့် ကမ်းပါးအနီးရှိ လူနေအိမ်များ ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်ရှိနေသဖြင့် ပြုပြင်ထိန်းသိမ်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ကြိမ်ချောင်းကျေးရွာတွင် မိုးရာသီရောက်တိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေများ ချောင်းအတွင်းသို့ အရှိန်ပြင်းစွာ စီးဝင်လာမှုကြောင့် ရေတိုက်စားမှုများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာကြောင်း ဒေသခံများက ပြောသည်။

ကြိမ်ချောင်းဒေသခံတစ်ဦးက ” ကမ်းပါးပြိုကျတာ နှစ်စဉ်နှစ်တိုင်းလိုပါပဲ။ မိုးကလည်း အရမ်းရွာတော့ ရေတိုက်စားပြီး ကမ်းပါးပြိုကျတာပါ။ ကမ်းပါးနဲ့ကပ်နေတဲ့ ဆေးရုံနဲ့ လူနေအိမ်တွေဘက်မှာ ပိုဆိုးပါတယ်။ လမ်းတွေလည်း ပျက်စီးသွားတယ်။ ဆေးရုံရဲ့ ခြံစည်းရိုးအချို့လည်း ပျက်စီးသွားပါတယ်။ အဲဒါကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ပြုပြင်ထိန်းသိမ်းပေးဖို့ လိုပါတယ် “ဟု AB News ကို ပြောသည်။

လက်ရှိတွင် ကြိမ်ချောင်းကျေးရွာရှိ ဆေးရုံအရှေ့ဘက် ကမ်းပါးပြိုကျမှုမှာ ပိုမိုဆိုးရွားနေပြီး ကမ်းပါးအနီးရှိ လူနေအိမ်များနှင့် ဆိုင်ခန်းအချို့မှာ ကမ်းပါးထပ်မံပြိုကျပါက ထိခိုက်ပျက်စီးနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ထို့အပြင် ရေတိုက်စားမှုကြောင့် ကြိမ်ချောင်းဆေးရုံရှေ့ရှိ လမ်းပိုင်းအချို့နှင့် ဆေးရုံ၏ အုတ်ခြံစည်းရိုးများ ပျက်စီးသွားပြီး လမ်းပိုင်းအချို့မှာ ဒေသခံများ သွားလာအသုံးပြုရန် ခက်ခဲနေကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ကြိမ်ချောင်းကျေးရွာတွင် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းသည့်အခါ တောင်ကျရေများ စီးဆင်းလာခြင်းနှင့် ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုကျမှုများ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

ကမ်းပါးပြိုကျမှု ဆက်လက်ဖြစ်ပေါ်နေပါက ကမ်းပါးနှင့် နီးကပ်စွာတည်ရှိသည့် နေအိမ်များ၊ ဆိုင်ခန်းများနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးနိုင်သည့်အပြင် ဒေသခံများ၏ သွားလာရေးအတွက်လည်း ပိုမိုအခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

အာရက္ခဒေသတွင် မြစ်ချောင်းများ ပေါများပြီး မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေများ စီးဆင်းမှုနှင့် ရေတိုက်စားမှုများကြောင့် မြို့နယ်အချို့တွင် ကမ်းပါးပြိုကျမှုများ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

Photo – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ